ရွာငံ ၁၉ မတ်


ရွာငံမြို့နယ် ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်း(ERLIP)မှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ ဗထူးခန်းမ၌ မတ် ၁၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ပံ့ပိုးပေးခြင်း၊ နည်းပညာဆိုင်ရာ အထောက်အပံ့များပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသည့်အတွက် ဝင်ငွေတိုးပွားမည့် နည်းလမ်းကောင်းများ ရရှိလာခြင်း၊ စီမံကိန်း ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် ဗဟုသုတများကို အသုံးပြုပြီး ရေရှည်တည်တံ့သော စီမံကိန်း၏ အသီးအပွင့်များကို ညီညီညွတ်ညွတ်ဖြင့် ကိုယ်ရပ်ရွာဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် စသည်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် စီမံကိန်းစက်ဝန်း တတိယနှစ်တွင် ဆုရရှိသော ကျေးရွာများအား ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျေးရွာစီမံကိန်းဝင် အစုအဖွဲ့များက လက်ခံရယူကြသည်။

ဆက်လက်၍ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်း၏ အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို စီမံကိန်းမန်နေဂျာ ဦးအေးနိုင်နှင့်အဖွဲ့ခေါင်းဆောင် ဒေါ်မင်းမင်းမြတ် တို့ကလည်းကောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်းအတွက် အရည်အသွေး အာမခံမှု ဆန်းစစ်ချက်(၄)ခု ရလဒ်များတင်ပြခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးအာမခံမှု ဆန်းစစ်ချက်များကို ဦးစိုင်းစိုးဌေးနှင့် ဦးကျော်မိုးလှိုင်တို့ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 


ယင်းနောက် သိသာထက်ရှားသော ပြောင်းလဲမှုများ အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များအပေါ် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း စီမံကိန်း(တတိယနှစ်)အတွက် အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် အဖွဲ့လိုက် အကျဉ်းချုပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း(ရွာငံ)