နေပြည်တော် ၂  ဖေဖော်ဝါရီ

ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲက ရွှေကူမြို့နယ်၊ စီငန်းကျေးရွာ၊ ဗန်းမော်-ကသာကားလမ်းတွင် ထွန်းထွန်းမင်း မောင်းနှင်ပြီး စိုးမင်း လိုက်ပါလာသည့်မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၅,၃၈၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်းကောင်း။

ထို့အတူ ယင်းနေ့ ညနေပိုင်းက မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ လဂွမ်းအိမ်လမ်းပေါ်တွင် ဆန်းအောင် (ခ)အဖိုးကြီး အား ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၅၉၅ ပြားကို လည်းကောင်း၊ အလားတူ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီက  မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ် မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာဝင်းအနီး လမ်းတွင် ရဲရင့်မိုး(ခ) နွေဦးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၀ ကိုလည်းကောင်း။

ထို့အတူ ယင်းနေ့နံနက် ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ မဘိမ်း-မိုးမိတ်သွားလမ်း၊ မြစ်ဆုံကူးတို့ဆိပ် အနီးတွင် Royal Saloon CROWN အမျိုးအစားမော်တော်ယာဉ်မှာ ရှာဖွေရေးနေရာသို့မရောက်မီ လမ်းဘေး၌ရပ်ပြီး ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားသဖြင့် မော်တော်ယာဉ်ကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၈၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)