နေပြည်တော် ၂၄ မတ်
မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ရေးဆွဲရေးလမ်းညွှန် ပြင်ဆင်ဖြည့်စွက် ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့််ခွဲမှုလုပ်ငန်း စီမံချက် ရေးဆွဲမှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရာ၌ လုပ်ငန်းအခြေအနေအရ လုပ်ငန်းစီမံချက် အကြမ်းရေးဆွဲခဲ့ရသည့် အနေအထားကြောင့် လိုအပ်ချက်များကို ပြန်လည်ပြင်ဆင် ဖြည့်စွက် ရာတွင် ဖွဲ့စည်းမှု၊ ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ပြန်လည်တည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ဘေးအန္တရာယ်ကျရောက်လျင် ဘေးသင့်ဒေသသို့ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အချက်တို့ကို အသေးစိတ် ဆွေးနွေးပေးစေလိုပါကြောင်း၊ မြို့နယ်အဆင့်ဆောင်ရွက်ရာတွင် မိမိဒေသ နှင့်ကိုက်ညီမှုရှိသော လုပ်ငန်းစီမံချက်လမ်းညွှန် မူဘောင်များချမှတ်ကာဥပဒေ၊ နည်းဥပဒေနှင့်အညီစိစစ်ရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မူလလုပ်ငန်းလမ်းညွှန်စာအုပ်တွင် လိုအပ်ချက်များရှိသည့် အတွက်ကြောင့် ယခုပြန်လည်ပြင်ဆင်ဖြည့်စွက်သည့်ဆွေးနွေးပွဲ၌ လက်တွေ့ကျင့်သုံးနိုင်သည့် လမ်းညွှန်ချက်များ ဖြစ်စေရေးအတွက် ဆက်နွယ်ပတ်သက်သည့် ဌာနဆိုင်ရာများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာလိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်များမှ အရာထမ်းများအနေဖြင့် လက်တွေ့မြေပြင်တွင် ကြုံတွေနေရသည့် စိန်ခေါ်မှုအခက်အခဲအခြေအနေများနှင့် အတွေ့အကြုံများကိုအခြေခံပြီးဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ရေးဆွဲရေးလမ်းညွှန်(၂၀၁၀) အသုံးချမှုနှင့် သုံးသပ်ပြင် ဆင်ရန်လိုအပ်မှုများအားဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ ကိုယ်စား လှယ်များက မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုစီမံချက် လက်တွေ့ရေးဆွဲ ဆောင်ရွက်ရာတွင် ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ပြင်ဆင်ဖြည့်ဆွက်ရန် လိုအပ်နိုင်သည့် အကြံပြုချက်များ ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ်သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


