မြို့သစ် ၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စု၊ လှေဝန်းတဲတိုက်နှင့် သားမျှားကျေးရွာအုပ်စု၊ သားမျှားမြောက်ဖုန်းတဲတိုက်နေ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဧပြီလ ၄ ရက်နေ့က သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ရေပြည့်ကျေးရွာအုပ်စု၊ လှေဝန်းတဲတိုက်ရှိ အများသုံး စက်ရေတွင်းသည် ပျက်စီးနေ၍ ပြန်လည်ပြုပြင်နေစဉ် ကာလအတွင်း အိမ်ခြေ(၁၁၇)၊ လူဦးရေ(၅၄၃) ဦးနှင့် ကျွဲနွားတိရစ္ဆာန်များအတွက် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးဌာနမှ ရေဂါလန်(၁၆၀ဝ)ဆံ့ မီးသတ်ယာဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မော်တော်ယာဉ်ဖြင့် (၅)ဂါလံဆံ့ ရေပုံးများ သယ်ဆောင်၍ လည်းကောင်း စုစုပေါင်း ရေဂါလံ(၅၀ဝ၀) သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သောက်သုံးရေရှားပါးသော သားမျှားကျေးရွာအုပ်စု၊ သားမျှားမြောက်ဖုန်းတဲတိုက်ရှိ အိမ်ခြေ(၁၁၇)၊ လူဦးရေ(၇၃၀)ဦးအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းနှင့် ဝန်ထမ်းများမှ လယ်ထွန်စက် နောက်တွဲယာဉ်ဖြင့် (၅)ဂါလန်ဆံ့ ရေပုံးများသယ်ဆောင်ကာ ရေဂါလန်(၃၀ဝ၀) သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ယခင်နှစ်က နွေရာသီရေရှားပါးပြတ်လပ်ခဲ့သည့် ကျေးရွာများကို ဦးစားပေးတူးဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ထောက်ရှားတန်း(န)၊ မကြီးချို(မ)၊ ဂွေးချို(န)၊ ရုံးတော စသည့် ကျေးရွာများတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများအား လည်းကောင်း၊ ကျောက်ထရံ၊ အောင်ချမ်းသာ၊ ကိုဒူကျေးရွာများတွင် ဆည်ရေတင်ခြင်း လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကယ်၍ ကျေးရွာများ အနေဖြင့် သောက်သုံးရေများ ပြတ်လပ်ပါက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


