မြို့သစ် ၃ ဒီဇင်ဘာ
မကွေးခရိုင် မြို့သစ်မြို့နယ် ပုလင်းပြားကြီး ကျေးရွာအုပ်စု ပိတ်ချင်းစမ်းကျေးရွာတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့သစ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မြို့သစ်မြို့နယ် ပုလင်းပြားကြီးကျေးရွာအုပ်စု၊ ပိတ်ချင်းစမ်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးသန့်ကျော်၊ ပုလင်းပြားကြီး ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကိုချော၊ ရာအိမ်မှူး ဦးသိန်းဝင်း တို့နှင့်အတူ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးရာ ပိတ်ချင်း စမ်းကျေးရွာနေ နိုင်မင်းထွန်းသည် ၎င်းပိုင် သက်ငယ်မိုး ထရံကာ၊ ဝါး ကြမ်းခင်း၊မြေစိုက်(၃)ပင်အိမ်၏ အနောက်ဘက် (၆)ပေခန့်အကွာ နေအိမ်ဝိုင်းအတွင်း နံနက်စောပိုင်း ထင်းမီးဖိုကာ မီးလှုံပြီး မီးကြွင်းမီးကျန်များအား မငြှိမ်းသတ်ဘဲ ထားခဲ့ရာမီးဖိုမှ မီးပွားများ လွင့်စင်ကာ နေအိမ် ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်မင်းထွန်းအား မြို့သစ်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက် )


