မြို့သစ် ၂၉ မတ်
မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် မသန်စွမ်းသူများဘဝ မြှင့်တင်ရေးအဖွဲ့ (Disabled People’s Development Organization)က ကြီးမှူး၍ UNCRPD နှင့် မသန်စွမ်းသူများ အခွင့်အရေး ဥပဒေအရ မသန်စွမ်း အမျိုးသမီးများအား အကာအကွယ်ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၇ ရက်က မြို့သစ်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် D.P.D.O မှ Project Manager ဒေါ်ဖြိုးသန္တာစောက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား၍ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသစ္စာက လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် မသန်စွမ်း အမျိုးသမီးများအား အကာအကွယ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဦးအောင်နိုင်ထွန်း အထက်တန်းရှေ့နေက ကုလသမဂ္ဂ မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (UNCRPD)တွင် ပါဝင်သည့် ရည်ရွယ်ချက်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အခြေခံမူများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ DPDO အဖွဲ့ဝင်များ စုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)


