မကြာမီစတင်တော့မည့် (၁၁) ကြိမ်မြောက် MNL အမှတ်ပေးချန်ပီယံဆုအတွက် အားပြိုင်မှု

၇ ဇန်နဝါရီ

 

၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် MNL အမှတ်ပေးပြိုင်ပွဲကို (၁၁) ရာသီမြောက်အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ အသင်း ၁၂ သင်းဖြင့် ကျင်းပမည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ရန် အသင်းများ၏ ခရီးရှည်ပြိုင်ဆိုင်မှုများကို မကြာမီ တွေ့မြင်ရတော့မည် ဖြစ်သည်။

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရန်ကုန်အသင်းအပါအဝင် ရှမ်းယူနိုက်တက်၊ ဇွဲကပင်၊ ဟံသာဝတီ၊ ရတနာပုံ၊ မကွေး၊ ဧရာဝတီ၊ Southern၊ ရခိုင်၊ စစ်ကိုင်း၊ ဒဂုံနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ် (၄) အပြီးတွင် မြန်မာ ယူ-၂၂ အသင်း၏ နိုင်ငံတကာပြိုင်ပွဲများကြောင့် တစ်လကြာရပ်နားမည် ဖြစ်ပြီး မတ်လဆန်းတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ သို့သော် ပွဲစဉ် (၅) တစ်ခုသာ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်း၏ အာရှ ယူ-၂၃ ခြေစစ်ပွဲကြောင့် မတ်လကုန်မှ လက်ကျန်ပွဲများ ပြန်လည်ကျင်းပမည်ဖြစ်သည်။

 

ဇန်နဝါရီ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချာရတီဖလားပြိုင်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်၌ အရေးနိမ့်ခဲ့သည့် ရန်ကုန်အသင်းသည် ရာသီအစနှစ်ပွဲကို အိမ်ကွင်း၌ကစားရမည်ဖြစ်သော်လည်းပွဲစဉ် (၁) တွင် ဟံသာဝတီနှင့် တွေ့ဆုံနေသောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ ရန်ကုန်အသင်းသည် ယင်းပွဲတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိရာ အမှတ်ပေးချန်ပီယံဆုကိုကာကွယ်နိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ရမည် ဖြစ်သည်။ ချာရတီဖလားပြိုင်ပွဲတွင် ပူပူနွေးနွေးဗိုလ်စွဲထားသည့် ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း ပြင်ဆင်နေသောကြောင့် ပထမအကျော့ပွဲအားလုံးကို အဝေးကွင်းကစားရမည်ဖြစ်ပြီး ရာသီအစ နှစ်ပွဲကို စစ်ကိုင်းနှင့် မန္တလေးတွင် ကစားရမည်ဖြစ်သည်။ 

 

ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပထမအကျော့ပွဲများတွင် အမှတ်ရသလောက် ရယူထားနိုင်မှသာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဖြစ်သည်။ ချန်ပီယံဆုလေးကြိမ်ရထားသည့် ရတနာပုံအသင်းသည် ယခုရာသီတွင်လည်း ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည့်အပြင် အဓိက ကစားသမားများ ဖြစ်သည့် အောင်သူ၊ စည်သူအောင်နှင့် သိန်းသန်းဝင်းတို့ကိုထိုင်းလိဂ်-၁ ကလပ်အသင်းများသို့ အငှားချထားရာ ချန်ပီယံဆုစိန်ခေါ်နိုင်ရန် ခက်ခဲဖွယ်ရှိနေသည်။ တစ်သင်းလုံးနီးပါး အပြောင်းအလဲပြုလုပ်ထားသည့် ဧရာဝတီအသင်း၏ ခြေစွမ်းကိုလည်း စောင့်ကြည့်ရမည်ဖြစ်ပြီးအဖွင့်ပွဲမှာပင် ရတနာပုံအသင်းနှင့် အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်သည်။ 

 

MNL အမှတ်ပေးပြိုင်ပွဲမှာ ၁၀ ကြိမ် ကျင်းပပြီးစီးသွားပြီး အသင်းသုံးသင်းကသာ ချန်ပီယံဆုရထားကာ ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ်၊ ရှမ်းယူနိုက်တက်အသင်းက တစ်ကြိမ်ရထားသည်။ ယခုအကြိမ်တွင်လည်း ချန်ပီယံဖြစ်ဖူးသည့်အသင်းများထဲမှ ထပ်မံဗိုလ်စွဲမလား ချန်ပီယံအသင်းသစ် ထွက်ပေါ်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်