မကာရ လပြာသို မြခွာညိုသင်းပါတဲ့ မြင်းခင်းသဘင်

mdn

သတင်းဆောင်းပါး - တက္ကသိုလ်ပွင့်သူအောင်

 

ပာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ဆယ်ခုမြောက်လ ဖြစ်သည်။ ဆောင်းရာသီ၏ အလယ်ဗဟိုကျ၍ အလွန် ချမ်းအေးလှသည်။ “ပြာသိုမကာရ၊ ကြယ်ဖုသျှ၊ ယှဉ်ထတူနှစ်ဖော်” ဟူသော အဆိုနှင့်အညီ ပြာသိုလတွင် နေသည် မကာရရာသီကြယ်စုကို နောက်ခံထား၍ မျက် မြင်အားဖြင့် အရှေ့မှအနောက်သို့ နေ့စဉ်သွားနေသည်။ ထိုလတွင် စန်းပြည့်နက္ခတ်မှာ ဖုသျှနက္ခတ် ဖြစ်ပြီး ယှဉ်သောတာရာမှာ ပုစွန်တာရာ ဖြစ်သည်။ ဝါဆိုလသည် နေ့တာအရှည်ဆုံးဖြစ်သကဲ့ သို့ ပြာသိုလသည် ညတာအရှည်ဆုံးဖြစ်သောကြောင့် “နေ့ဝါဆို ညပြာသို”ဟု ဆိုရေးရှိသည်။ ထို့ပြင် ရှေးခေတ်သုံး မြန်မာနာရီအရ နေ့ ၂၄ နာရီနှင့် ညဉ့် ၃၆ နာရီရှိသောကြောင့် နေ့တာ တိုလွန်းသည်။ ပြာသိုလသည် ရှေးမြန်မာများ စံချိန်သတ်မှတ်ချက်အရ နေမွန်းတည့် ခြောက် ဖဝါးရှိသည့်လလည်း ဖြစ်သည်။ ရာသီပန်းမှာ ခွာညိုဖြစ်သည်။ 

 

ပြာသိုလ၏ အဓိပ္ပာယ် 

 

ပြာသိုလကို ပုဂံခေတ် ကျောက်စာများတွင် “ပ္လသိုဝ်၊ ပ္လာသိုဝ်၊ ပြသိုဝ်၊ ပြာသို”ဟု တွေ့ရသည်။ “ပ္လာသိုဝ်”တွင်ပါသော “ပ္လာ” သဒ္ဒါကို မြန်မာနှင့် အနွယ်တူဘာသာစကားများတွင် ဆန်းစစ်ရာ “ပျားဖယောင်း”ဟု အဓိပ္ပာယ်ရသည့် ပုဒ်ရင်းကို တွေ့ရသည်။ “သို”၏အနက်မှာ “သိုလှောင်ခြင်း” ဖြစ်သည်။ ထို့ကြောင့် ပြာသိုလ၏ အဓိပ္ပာယ်မှာ “ပျားဖယောင်းကို စု၍အရဆုံးလ”ဟု အဓိပ္ပာယ် ထွက်သည်။

 

 ရှေးစာဆိုတော်ကြီး လှေသင်းအတွင်းဝန်က ပြာသိုလသည် သက္ကတ “ပေါသျှီ”မှ လာသည်။ ပေါသျှီဟူသည်မှာ ဖုသျှနက္ခတ်ကို ဆိုခြင်းဖြစ်သည်။ ပြာသိုလ မကရရာသီတွင် ဖုသျှနက္ခတ် နှင့်စန်းယှဉ်၍ လပြည့်သည်ကို အကြောင်းပြုပြီး ပြာသိုဟုခေါ်ကြောင်း ဆိုသည်။ ထူးခြားချက်မှာ ပြာသိုလသည် ဝါငယ်ထပ်နှစ်၊ ဝါကြီးထပ်နှစ် နှစ်မျိုးလုံးတွင် ရက် ၃၀ စီရှိခြင်းပင်ဖြစ်သည်။ 

 

ပြာသိုလ၏ ရာသီပွဲ 

 

သာမိနပျို့ ၌ “ဆီမီးထွန်းချိန်၊ ကထိန်နက် ကျင်း၊ မြင်းခင်းထွက်ဝင်”ဟု အဆိုရှိသည့်အတိုင်း ပြာသိုလ၏ ရာသီပွဲမှာ မြင်းခင်းသဘင်ပွဲခေါ် သူရဲကောင်းရွေးပွဲဖြစ်သည်။ ယင်းမြင်းခင်း သဘင်၌ မင်းညီမင်းသား၊ မှူးမတ်များနှင့် စစ် သေနာပတိများသည် မိမိတို့အဆောင်အယောင် အဝတ်အစားများကို ဝတ်ဆင်၍ ဓားရေး၊ လှံ ရေး၊ လေးရေး၊ သေနတ်ရေး၊ မြင်းရေး၊ ဆင်ရေး တို့ကို လေ့ကျင့်ပြသကြသည်။ မြင်းခင်းသဘင်ပွဲ ကျင်းပရာတွင် မြင်းစီးသူရဲကောင်းတို့သည် မြင်းကိုကိုင်လျက်၊ ရပ်လျက်၊ အိပ်လျက်၊ ရှေ့ ပြန် နောက်ပြန်ပြုလျက် စီးပြကြသည်။ မြင်းစီးလျက် ကပင် အဲမောင်းကို လှံဖြင့်ပစ်ခြင်း၊ ဓားရေးပြ ခြင်းတို့ကို ကျွမ်းကျင်လိမ္မာစွာ ပြသကြသည်။ အဲမောင်း ဆိုသည်မှာ ထိပ်တွင် အလံလွှင့်ထူ ထားသော စက်ဝန်းကြီးများဖြစ်သည်။ 

 

မြင်းခင်းသဘင်သည် သက္ကရာဇ် ၆၇၄ ခုနှစ် ခန့်က ပင်းယ တစ်စီးရှင်သီဟသူလက်ထက်၌ စတင်ပေါ်ပေါက်လာခဲ့သည်ဟု ယူဆကြသည်။ ဘိုးတော်ဘုရားလက်ထက်က ပညာရှိတစ်ဦးကမူ မြင်းခင်းသဘင်ပွဲသည် ဒုတိယအင်းဝခေတ် အစ ညောင်ရမ်းမင်းလက်ထက်၌ ပေါ်ပေါက် လာသည်ဟု ယူဆခဲ့သည်။ မြင်းခင်းသဘင်ပွဲနှင့် ပတ်သက်၍ ရှေးစာဆိုပညာရှင်များက လေးချိုး၊ ရတု၊ ပျို့များဖြင့် ဖွဲ့ဆိုခဲ့ကြသည်။ 

 

စာဆိုတော်ကြီး လူဦးမင်းက ပြာသိုလဘွဲ့ လေးချိုးတွင် “စွယ်ရောင်လျှံတောက် ရဲမာန် မောက်တဲ့၊ မုန်သောက်ဆဒ္ဒန် သောင်းရှစ်မြန်ကို၊ စီမံပကျင်း စက်လျင်သွင်းနှင့်၊ မြင်းခင်းငယ် ဗျူဟာ အဖြာဖြာလဲ၊ တညီလာပြု ဗိုလ်သဘင် ရှုချိန်မို့၊ ကိုက်နဖူးစီပွင့် အားအဲချီတော့ပ၊ ကြိုင်ဆီငယ်ဆင်သည်”ဟု မြင်းခင်း၊ ဆင်ခင်း၊ လှံရေး၊ ဓားရေး အခင်းအကျင်းတို့ဖြင့် ဗိုလ်ရှုခံ ပုံကို ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထို့အတူ ရှေးစာဆိုပညာရှင် မဟာဓမ္မသင်္ကြန်က “ခွာပြာ လေ... မလ္လာလေ ဂန္ဓာကြိုင်သင်း၊ ဂေါ်သဇင် ပင်မြင့်မင်းငယ်လေး၊ မြင်းခင်းအောင်ဇေယျံတည်မှ ငယ်ဝန်းစီးပုံဟန်”ဟူ၍ ပြာသိုလ၏ တင့်တယ်ပုံ၊ မြင်းခင်းသဘင်ပွဲ၌ မြင်းစီးပုံများကို ရေးဖွဲ့ခဲ့သည်။

 

 မြင်းခင်းသဘင်တွင်ပါဝင်သော စွမ်းရည်ပြပွဲများ 

 

ရှေးမြန်မာမင်းများလက်ထက်က စစ်တိုက် ရာ၌ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရသောကြောင့် မြင်းစီး၊ ဆင်စီး ကျွမ်းကျင်အောင် လေ့ကျင့် ထားကြရသည်။ လေးအတတ်၊ မြားအတတ်၊ ဓားခုတ်၊ လှံထိုးအတတ်များ၊ မြင်းစီးကျင်လည် ခြင်း စသည်တို့မှာ မင်းညီမင်းသား၊ သူရဲကောင်း များအတွက် အထူးလိုအပ်သော အရည်အချင်း ပင်ဖြစ်သည်။ ထို့ကြောင့် မြင်းခင်းသဘင်တွင် စွမ်းရည်ပြပွဲများ ထည့်သွင်းကျင်းပခြင်းလည်း ဖြစ်သည်။ 

 

မြင်းခင်းသဘင်တွင် ပါဝင်သောစွမ်းရည်ပြပွဲ များမှာ (၁)စက်ကွင်းလှံထိုးပွဲ၊ (၂)မြင်းရေး ၃၇ ရေးပြပွဲ၊ (၃)အဲမောင်း ၃၇ ရေးပြပွဲ၊ (၄) လှံ ထိုးပြိုင်ပွဲ၊ (၅)ဓားခုတ်ပြိုင်ပွဲ၊ (၆)လေးစွမ်း ပြိုင်ပွဲ၊ (၇)တုတ်သိုင်းပြိုင်ပွဲ၊ (၈)ဓားသိုင်းပြိုင်ပွဲ၊ (၉)သေနတ်ပစ်ပြိုင်ပွဲ၊ (၁၀)ဗလီခတ် ခေါ် ကူလီ ရိုက်ပွဲနှင့် (၁၁)ဆင်ခင်းပွဲ စသည်တို့ဖြစ်သည်။ 

 

ယင်းစွမ်းရည်ပြပွဲများသည် အထူးလေးနက် သောပွဲများဖြစ်ရာ မြင်းခင်း၊ ဆင်ခင်း၊ လေးခင်း၊ ဓားခုတ်လှံထိုး၊ ဒူးလေးပစ်၊ လင်းလေးပစ်၊ ဆင် တိုက်၊ မြင်းပြေး၊ သေနတ်ပစ်၊ အမြောက်ပစ်၊ စက်ထိုး၊ ဗလီခတ် ခေါ် ကူလီရိုက် အစရှိသည့် ကြည်းတပ်၏ တိုက်ခိုက်နည်းအမျိုးမျိုးကို တွေ့ရ သည်။ ထို့ပြင် သိုင်းအမျိုးမျိုးကိုလည်း တစ်ပွဲပြီး တစ်ပွဲ ကျင်းပသည်။

 

 မြင်းခင်းသဘင်ပွဲသည် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက်က စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရပြီး ထိုခေတ်အခါက အစီအစဉ်တကျ ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏အစီ အစဉ်အရ သံတော်ဆင့်ဝန်သည် အခမ်းအနား စတင်ပြီဖြစ်ကြောင်း ကြေညာလေ့ရှိသည်။ ထို အခါ စစ်တံပိုးသံနှင့် စစ်မောင်းသံအလိုက် မြင်း များကို အချက်ကျကျစီးကာ ကွင်းကိုပတ်ပြီး အလှပြကြသည်။ ထိုသို့ အလှပြပြီးနောက် ကွင်း အပြင်သို့ အစဉ်တကျ ထွက်ခွာကြရသည်။ 

 

မြင်းခင်းသဘင်စွမ်းရည်ပြိုင်ပွဲကြီး စတင်သည့် ပထမဦးဆုံးပွဲစဉ်မှာ စက်ကွင်းသုံးခုထားရှိပြီး အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်း ယှဉ်ပြိုင်ကြ ရကာ စက်ကွင်းလှံထိုးပွဲ ပြီးသွားပါက ထူးချွန် အောင်နိုင်သူများသည် မြင်းခင်းသဘင်ကွင်းကို ပတ်ပြီး ရှင်ဘုရင်နှင့် မိဖုရားရှေ့တော်သို့ မြင်းစီး လျက် ဟန်အလှနှင့် ဝင်ကြရသည်။ မိဖုရား ကြီးက ရွှေကျင်ခတ်ပဝါကို ပစ်ပေးတော်မူသည်။ ထို့အတူ မင်းသမီးများကလည်း ပန်းများပစ်ပေး၍ဂုဏ်ပြုကြသည်။ ထူးချွန်အောင်နိုင်သူများသည် မိဖုရားကြီးကဂုဏ်ပြုသော ရွှေကျင်ခတ်ပဝါကို ရင်တွင်စည်းကာ မင်းသမီးများကပေးအပ်သည့် ပန်းများကို နားတွင် ပန်ဆင်၍ ရှေ့တော်သို့ တစ်ပတ်ပတ်ပြီး ဝင်ကြရသည်။ ထိုအခါ မြင်းခင်း သဘင်ပွဲကို အားပေးကြည့်ရှုနေသော ပရိသတ် တို့က သောင်းသောင်းဖြဖြ ဩဘာပေးကြသည်။ ဆုတော်လာဘ်တော်များမှာ ပိုးပုဆိုး၊ ဖဲပဝါ၊ မိုးပန်းပဝါ၊ ပုစွန်ထုပ်ခေါင်းပေါင်း အစရှိသည် တို့ဖြစ်သည်။ 

 

ထို့နောက် မြင်းရေး ၃၇ ရေးကို မြင်းရေး ၃၇ ချင်း တေးသီချင်း၏ စည်းချက်အတိုင်း မြင်းရေး ပြကြသည်။ မြင်းရေး ၃၇ ချင်း တေးသီချင်း၏ စည်းချက်အတိုင်း မြင်းရေးပြပြီးလျှင် လှံထိုး စွမ်းရည်ပြိုင်ပွဲကို စတင်ကျင်းပသည်။ ယှဉ်ပြိုင် သူသည် မြင်းကို ဒုန်းစိုင်းစီးလာရင်း ဘုရင့် ရှေ့ တော်မှောက်ရောက်သည့်အခါ ရှောက်သီးလုံးကို အထက်သို့ ပစ်ပေးလိုက်ချိန်တွင် မြင်းပေါ်မှ မြင်းစီးလျက်နှင့် လှံဖြင့် ပြေးဝင်ထိုးယူရသည်။ ထို့နောက် မြင်းစီးရေ ခြောက်စီးတွဲ ထွက်လာပြီး မြေပေါ်သို့လှိမ့်ပေးလိုက်သည့် ရှောက်သီးများ ကို မြင်းပြေးလျက်ပင် လှံဖြင့်ထိုး၍ အထက်သို့ ပစ်မြှောက်ရသည်။ 

 

ထိုယှဉ်ပြိုင်ပွဲ ပြီးသွားသောအခါ အောင်ပွဲရ သူများက အဲမောင်း ၃၇ ချင်း လာပြရသည်။ ထို့နောက် လှံထိုးပွဲပြီးသွားသဖြင့် ဓားခုတ်ပြိုင် သည်။ ဘုရင်မင်းမြတ်၏ ပွဲကြည့်စင်ရှေ့တွင် ငှက်ပျောပင်အရှင်၊ ကြံပင်အရှင်များကို စိုက်ထူ ထားသည်။ ပြိုင်ပွဲဝင်သူများက မြင်းကို ဒုန်းစိုင်း စီးလျက် ဓားဖြင့် ဘယ်ပြန်ညာပြန် ခုတ်ကြသည်။ ပြီးလျှင် မဏ္ဍပ်ရှေ့ ကွက်လပ်၌ ငှက်ပျောတုံး ငုတ်တိုများကို ယာယီစိုက်ထားကာ ငှက်ပျောငုတ်တိုများပေါ်၌ ရေအပြည့်ထားသည့် မြူအိုး (ရေအိုးငယ်)တစ်လုံးစီ တင်ထားသည်။ ထို့ နောက် ပြိုင်ပွဲဝင်အဖွဲ့များသည် မြင်းကို ရင်ပေါင် တန်းစီးသွား၍ ငှက်ပျောပင်များကြားဖြတ်ကာ ငှက်ပျောတုံးများကို ဓားဖြင့်ခုတ်ရသည်။ ထိုသို့ ခုတ်ရာတွင် ငှက်ပျောတုံးများမှာ တိတိရိရိ ပြတ်နေသော်လည်း လဲကျမသွားရပေ။ ထို့အတူ ရေအိုးငယ်သည်လည်း ရေဖိတ်ကျမှုမရှိ နေမြဲ ပုံစံမပျက် ရှိနေစေရမည်ဖြစ်သည်။ ထိုကဲ့သို့ ယှဉ်ပြိုင်ပွဲပြီးသွားလျှင် ပြိုင်ပွဲကြီးကြပ်သူတို့က ရေအိုးကိုဖယ်ပြီး ငှက်ပျောတုံးငုတ်တို အထက် ပိုင်းကို တွန်းကြည့်ရသည်။ ငှက်ပျောတုံးငုတ်တို သည် ဓားခုတ်ထားသောနေရာမှ တိတိရိရိပြတ် ကာ အောက်သို့ ကျသွားရမည်ဖြစ်ပြီး ဓားခုတ် နေရာ၌ အမျှင်ပင် မတန်းစေရပေ။ 

 

မြင်းခင်းပြိုင်ပွဲ ပြီးဆုံးသွားသောအခါတွင် လေးသည်တော် စွမ်းရည်ပြပွဲကို ဆက်လက်ကျင်းပသည်။ လေးသည်တော်များသည် ခေါင်း ပေါ်တင်ထားသော သံပုရာသီးကို မှန်အောင် ပစ်ရသကဲ့သို့ အမြဲလှုပ်နေတတ်သည့် မြင်းမြီးကို လည်း နှစ်ခြမ်းကွဲအောင် ပစ်ရသည်။ ယင်း စွမ်းရည်ပြပွဲအပြီးတွင် တုတ်သိုင်း၊ ဓားသိုင်း ပြိုင်ပွဲများ ဆက်လက်ကျင်းပသည်။ ပင်းယ ခေတ်တွင် သေနတ်ပစ်ပြိုင်ပွဲ မရှိသော်လည်း ကုန်းဘောင်ခေတ်သို့ ရောက်လာသောအခါ သေနတ်ပစ်ပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။ သေနတ်ပစ်ပြိုင်ပွဲတွင် အဝေးရှိ စက်ကွင်းကို ထိအောင်ပစ်ရသကဲ့သို့ အတောင် ၁၀ဝ၊ ၂၀ဝ အကွာအဝေးတွင် ဘူးသီးကိုတင်ထား၍ ပစ်ရပြီး ဒင်္ဂါပြားကိုထောင်ထား၍လည်း ပစ်ရသည်။ 

 

စွမ်းရည်ပြိုင်ပွဲအသီးသီးတွင် အနိုင်ရရှိသူ အောင်မြင်သူတို့သည် ရွှေဖလား၊ ငွေဖလား စသည်တို့ကို ပစ်ပေးခြင်းခံရပြီး ယင်း ဖလား တို့ကို မိအောင် ဖမ်းယူကြရသည်။ 

 

ထို့နောက် ဗလီခတ်ခေါ် ကူလီရိုက်ပွဲများ ဆက်လက်ကျင်းပသည်။ ကူလီသီးသည် သရက် ပင်မြစ်ဆုံတစ်ခုကိုယူပြီး လုံးနေအောင်ပွတ်၍ ထုံးရည် ဝအောင်စိမ်ထားခြင်းဖြစ်သည်။ ကူလီ တံမှာ အသားမာသောသစ်သားဖြင့် ပြုလုပ်ကာ သစ်သားတံ၏ထိပ်၌ ကြေးဝါကောက်တံတစ်ခု ပြုလုပ်ပြီး စွပ်ထားသည်။ ကြေးဝါကောက်တံ ထိပ်တွင် ဘုလုံးပြုလုပ်ထားသည်။ ကူလီရိုက်ပွဲ ကစားရာ၌ ကူလီတံဖြင့် ကူလီသီးကိုလှိမ့်ယူကာ မိမိဘက်သို့ပါအောင် ကစားရခြင်းပင်ဖြစ်သည်။ ယင်းကူလီရိုက်ပွဲကို မြင်းဖြင့် စီးနင်းကစားရ၍ မြင်းစီးကျွမ်းကျင်ရန်နှင့် လျင်မြန်ဖျတ်လတ်ရန် ကြိုတင်လေ့ကျင့်ထားမှသာလျှင် ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ 

 

ပြာသိုလ ပွဲတော်အဖြစ် ဆင်ဖမ်းပွဲလည်း ပါဝင်သည်။ ဆင်ဖမ်းပွဲသည် ဆင်တိုက်ပွဲတစ်မျိုး ဖြစ်သည်။ ထိုတိုက်ဆင်များသည် အတူနေဆင် များဖြစ်ကြ၍ ဆင်အချို့မှာ ငယ်ကြောက်ဖြစ် နေသည်။ ငယ်ကြောက်ဆင်သည် မိမိအား နိုင်ခဲ့ ဖူးသောဆင်ကို မထိုးဝံ့ မသတ်ဝံ့ ဖြစ်နေလေ့ရှိ သည်။ ထို့ကြောင့် နိုင်ထားသောဆင်ကို “ဆုန်း” ဟုခေါ်သော ဟင်္သာပြဒါးဖြင့် သုတ်လိမ်းပေးရ သည်။ ထိုအခါ ငယ်ကြောက် ငယ်နိုင်ဖြစ်သော ဆင်အားလုံးသည် အချင်းချင်း ထိုးသတ်လာ ကြသည်။ ထိုသို့ ဆင်အချင်းချင်းတိုက်၍ အနိုင်ရ သည့်ဆင်မျိုးကို ဘွဲ့အမည်ပေး၍ စစ်ပွဲအတွက် ရွေးချယ်အသုံးပြုကြသည်။ 

 

မြင်းခင်းသဘင်ပွဲသည်လည်းကောင်း၊ ဆင် ခင်းသဘင်ပွဲသည် လည်းကောင်း ပြာသိုလ တစ်လလုံး ကျင်းပကြသည်။ အထူးသဖြင့် ပြာသို လ၏ နှောင်းပိုင်းကာလများ၌ ဆင်ခင်းပွဲကို ကျင်းပသည်။ 

 

ဆယ့်နှစ်ရာသီ ပွဲတော်များတွင် ပြာသိုလ မြင်းခင်းပွဲတော်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့နှင့်အညီ နိုင်ငံချစ်စိတ်၊ ဇာတိချစ်စိတ်များ ရင့်သန်စေရန် အကျိုးပြုလျက်ရှိသည်။ ရှေးခေတ် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးစွမ်းရည် မြင့်မားမှုကို ပြာသိုလ မြင်းခင်း၊ ဆင်ခင်းသဘင် ပွဲတော်များက အဓိကနေရာမှ အထောက်အကူ ပြုခဲ့သည်။ 

 

ထူးခြားမွန်မြတ်သော လပြာသို 

 

ပြာသိုလသည် ထူးခြားမွန်မြတ်သောလပင် ဖြစ်သည်။ ယင်းလတွင် ရာသီပွဲတော်အဖြစ် ကျင်းပခဲ့သည့် မြင်းခင်းသဘင်ပွဲမှာ နိုင်ငံတော် ကာကွယ်ရေးအတွက် အထောက်အကူပြုနေ သကဲ့သို့ ပြာသိုလပြည့်နေ့သည် ရှင်တစ်ထောင် အခါတော်နေ့လည်းဖြစ်သည်။ 

 

ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါ က ရသေ့ညီနောင် ရှင်ရှစ်ထောင်တို့သည် ပြာသို လပြည့်နေ့တွင် မိမိတို့၏အယူဝါဒကိုစွန့်ပြီး ဗုဒ္ဓ သာသနာတော်သို့ ကူးပြောင်းရောက်ရှိလာခြင်းကို အကြောင်းပြုကာ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ 

 

ထို့အပြင် မြန်မာစာပေနှင့် ရုပ်ရှင်ပညာရှင်ကြီး ဆရာကြီးဦးသုခ၏ လမ်းညွှန်ချက်ဖြင့် ပြာသိုလပြည့်နေ့ကို “အမေနေ့”အဖြစ် သတ်မှတ်ကျင်းပပြုလုပ်ကြသည်။ မိခင်၏ ကျေးဇူးကြီးမား ပုံကို ယနေ့ခေတ်လူငယ်များ နားလည် သဘော ပေါက်ပြီး မိဘကျေးဇူးကို အလေးအနက်ထား တတ်စေရန် ရည်ရွယ်ချက်ဖြင့် အမေနေ့ စာပေ ပြိုင်ပွဲများ၊ ဟောပြောပွဲများကို မြန်မာနိုင်ငံအနှံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကလည်း ပြာသိုလ၏ ထူးခြားမွန်မြတ်မှုတစ်ခုပင်ဖြစ်သည်။ 

ထို့ကြောင့် ပြာသိုလတွင် ရှေးခေတ် မြန်မာ ဘုရင်များ၏ မြင်းခင်း၊ ဆင်ခင်းသဘင်ပွဲများမှ ရရှိလာသော နိုင်ငံချစ်စိတ်ကို မွေးမြူကြရင်း ကျေးဇူးကြီးမားလှသော မိခင်ဖခင်တို့၏ ချစ်ခြင်း မေတ္တာ၊ ကရုဏာတို့ကို ရှိခိုးကန်တော့ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။