မကွေး အောက်တိုဘာ ၇

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြန်မာ့သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ ကြာ အစဉ်အလာမပျက် ကျင်းပလျက်ရှိသည်။

 

အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး အထိမ်းအမှတ် ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ နံ့သာ ၉၀၀၀ ထွန်းညှိ၊ ကပ်လှူပူဇော်ပွဲများအပြင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ် လပြည့်ကျော် ၂ ရက်တွင် မကွေးမြို့ပေါ်ရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာအပါး ၁၅၀၀ အားပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော် သွားမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော်အတွင်း ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ပြဇာတ်ရုံများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်းချ ပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများဖြင့် နေ့စဉ် စည်ကားများပြားလျက်ရှိသည်။

 

ထို့ပြင် မြို့လယ်ရှိ ကန်သာမင်္ဂလာကန်တော်နှင့် မြို့ပေါ်အပန်းဖြေစရာနေရာများ၊ ကလေးကစား ကွင်းများ၌လည်း မိသားစုလိုက် လာရောက်လည်ပတ် ကစားသူများဖြင့် ယခင်နှစ်များထက် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)