မကွေး ၂၁  ဧပြီ

 

မကွေးမြို့ သီတဂူမြင့်မိုရ်စံ မျက်စိဆေးရုံတော်ကြီးတွင် တတိယအကြိမ်မြောက် မျက်စိအခမဲ့ ခွဲစိတ်ကုသမှုကို ဧပြီ ၂၃ ရက်မှ ၂၆ ရက်အထိ မျက်စိဆရာဝန်ကြီးများမှ ကြည့်ရှုကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးသာသနထံမှ သိရသည်။

 

15

 

ထိုသို့ မျက်စိအခမဲ့ ခွဲစိတ်ကုသမှုကို သီတဂူသာသနာပြုဥက္ကဋ္ဌ ဆရာဝန်ကြီး ပါမောက္ခ(ငြိမ်း)ဒေါက်တာမြအောင်မှ ဦးဆောင်ကာ မကွေးတိုင်းအတွင်းရှိ မျက်စိအထူးကုဆရာဝန်ကြီး (၁၀)ဦးခန့် ပါဝင်သောအဖွဲ့မှ တစ်နေ့လျှင် လူနာ ၅၀ဝ ခန့်အား ကြည့်ရှု ပေးသွားမည်ဖြစ်ပြီး လူနာပေါင်း ၂၀ဝ၀ ကျော်ကို ကြည့်ရှုပေးပြီး ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသ ပေးသွားမည် ဖြစ်သည်။

 

2498

 

မျက်စိအခမဲ့ ခွဲစိတ်ကုသမှုကို ပထမအကြိမ်တွင် ဝေဒနာရှင် (၃၀ဝ၀)ကျော်အား ကြည့်ရှုစမ်းသပ်ပြီး (၃၇၈)ဦးကို ခွဲစိတ်ပေးခဲ့ကာ ပထမအကြိမ်တွင် ကုသမှုခံယူခဲ့သည့် လူနာများအတွက် ဆေးနှင့်ဆေးပစ္စည်း အပါအဝင် ကုန်ကျစရိတ် သိန်း(၁၃၀)ခန့်ကို ဝိသာခါဖောင်းဒေးရှင်းမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် မျက်စိဝေဒနာရှင် (၂၀ဝ၀)ကျော်နှင့် ခွဲစိတ်သူ(၂၂၇)ဦးတို့အတွက် ဆေးနှင့် ဆေးပစ္စည်း အပါအဝင် ကုန်ကျငွေ သိန်း (၁၂၀)ခန့်အား သီတဂူဆရာတော်ဘုရားကြီး ရှင်ဉာဏိဿရမှ လှူဒါန်းခဲ့ပြီး ယခုတတိယ အကြိမ်ကိုလည်း ဆရာတော် ဘုရားကြီးမှပင် တာဝန်ယူလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

 

မျက်စိဝေဒနာရှင်များအား နေထိုင်စားသောက်စရိတ် အပါအဝင် အာဟာရဒါနအတွက် ကုန်ကျစရိတ် သိန်း(၆၀) ခန့်ကို မကွေးမြို့သူ မြို့သားအလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကျွေးမွေးမည်ဖြစ်ပြီး ယခင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင်လည်း မကွေးမြို့သူ မြို့သားစေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မကွေးမြို့၊ သီတဂူမြင့်မိုရ်စံ မျက်စိဆေးရုံတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား စဉ်ဆက်မပြတ် ကုသပေးနိုင်ရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် စေတနာရှင်၊ အလှူရှင်များ အနေနှင့် သဒ္ဒါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်နိုင်ပြီး လှူဒါန်းလိုပါက မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

အဆိုပါ မျက်စိကုသမှုအလှူပွဲကြီးတွင် လိုအပ်သော ဝေယျာဝစ္စ လုပ်အားဒါနကို ကုသိုလ်ပြုလိုသည် လူမှုရေး အသင်း အဖွဲ့များနှင့် မကွေးမြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ လူငယ်မောင်မယ်များမှ လုပ်အားဒါန ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

မေသူလွင်(မကွေး)