မကွေး ၆ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အင်္ဂလိပ်ဘာသာစကားနှင့် သင်ကြားမှုနည်းစနစ်များ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန် ဖလှယ်နိုင်ရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး သင်ကြားပေးမည့် အမေရိကန်နိုင်ငံမှ စေတနာ့ဝန်ထမ်းဆရာ (Volunteer Teacher)များအား ကြိုဆိုနှုတ်ဆက်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် အမေရိကန်နိုင်ငံမှ စေတနာ့ဝန်ထမ်းဆရာများက  မိတ်ဆက်စကားပြောကြားကာ  ကျောင်းသား ကျောင်းသူများကိုယ်စား မောင်ဘုန်းသန့်ကိုက ကြိုဆိုမိတ်ဆက်နှင့် ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

 

mdn

 

အဆိုပါ Peace Corps Myanmar အမေရိကန်မှ စေတနာ့ဝန်ထမ်း ဆရာများအနေဖြင့် ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်စွမ်းနှင့် သင်ကြားရေးနည်းလမ်းများ ပိုမိုအားကောင်းလာစေရန်၊  ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုနှင့် ပြောဆိုနိုင်မှု စွမ်းရည် ပိုမိုကောင်းမွန်လာစေရန်နှင့် ရပ်ရွာလူထုအတွင်း အင်္ဂလိပ်ဘာသာရပ်၏ အရေးပါမှုအား သိရှိစေပြီး ပံ့ပိုးကူညီမှု အားကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ရာ မကွေးတိုင်းဒေသကြီးအတွင်းမှ မကွေး၊ အောင်လံ၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီးနှင့် ရေနံချောင်မြို့များရှိ အခြေခံပညာ အထက်တန်းကျောင်း ၁၄ ကျောင်းတွင် နေ့စဉ် အချိန်ပိုင်းအလိုက် နှစ်နှစ်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဝေဖြိုးလေး(မကွေး)

 

mdn