မကွေး အောက်တိုဘာ ၂

 

ဒစ်ဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က အမှာစကားပြောကြားပြီး သင်တန်းနည်းပြ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုရွှေစင်နှင့့် ဦးစီးမှူး ဒေါ်ယဉ်ယဉ်မျိုးတို့က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသေးစားလုပ်ငန်းရှင် ၂၀ အား သင်တန်းနည်းပြများက Digital Literacy and Digital Transformation in MSMEs အသုံးပြုနည်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ရေးဆွဲထားသော SSID Online E-Commerce Website ဝင်ရောက်နည်း၊ အွန်လိုင်းစနစ်ဖြင့် ကုန်ပစ္စည်းများရောင်းချရာတွင် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထားထုတ်ယူပုံနှင့် ဆောင်ရွက်ရသည့် နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များစသည်တို့ကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)