မကွေး ၇ ဧပြီ
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ ဦးဆောင်မှုဖြင့် မကွေးမြို့နယ်၊ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့အား အမှုဆောင်ကော်မတီဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း သိရပြီး တာဝန်ပေးအပ်ပွဲအား မကွေးမြို့၊ ကမ်းနားလမ်း၊ ရွှေလှေခန်းမ၌ ဧပြီ ၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် မြို့နယ်ဂီတအစည်းအရုံးများနှင့် ဂီတအဖွဲ့ဝင်များ တက်ကြွစွာပါဝင်လာရေး၊ စည်းရုံးရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ရှင်သန်ထက်မြက်အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် ယင်းသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
“အစည်းအရုံးရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ခေတ်စနစ်နဲ့လျော်ညီစွာ ပြန်လည်ပြင်ဆင် ရေးဆွဲနေပါတယ်။ ရေးဆွဲစဉ်ကာလမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ဂီတအစည်းအရုံးတွေ ပြန်လည်ဖွဲ့စည်းတဲ့ စည်းရုံးရေးကာလ တစ်ခုမှာတော့ ဗဟိုဦးစီးစနစ်နဲ့ လတ်တလောဖွဲ့စည်းပေးတာ ဖြစ်ပါတယ်။ ဗဟိုဦးစီးဆိုတာကလည်း စည်းရုံးရေးကော်မတီအဆင့်ပါ။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းလည်း ပြန်အတည်ပြုပြီးရင်တော့ ဂီတလောကသားတွေ ပါဝင်ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစနစ်နဲ့အညီ ဂီတအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောသည်။
လတ်တလောဖွဲ့စည်းလိုက်သော မကွေးမြို့နယ်၊ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးအောင်သိန်း(မိုးဟိန်း)၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးဇော်လင်းနှင့် ဦးသက်ဆွေ၊ အတွင်းရေးမှူးအဖြစ် ဦးရန်မျိုးအောင်၊ တွဲဘက်အတွင်းရေးမှူးများအဖြစ် ဦးနေလင်းအောင်နှင့် ဦးဇော်မျိုးသက်တို့အား တာဝန်ပေးအပ်ခဲ့ကြောင်း၊ အမှုဆောင်အဖွဲ့တွင် ဦးပြည့်ဖြိုးမောင်(ဘုံဘုံ)၊ ဦးကျော်စွာထွန်း၊ ဦးမျိုးခိုင်၊ ဦးမျိုးဆက်၊ ဦးတင့်လွင်နှင့် ဦးမိုးဇော်မြင့်(စာရင်းစစ်)၊ ဦးအောင်တေဇာဝင်း (စည်းရုံးရေးမှူး)၊ ဦးသန်းစိုး(ဘဏ္ဍာရေးမှူး)၊ ဦးဆွေမောင်(ပြန်ကြားရေးမှူး)တို့ ပါဝင်ကြောင်း သိရသည်။
မကွေးမြို့နယ်၊ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲသို့ ဂီတနယ်ပယ်မှ မိသားစုများ စုံညီစွာတက်ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီး ဦးမြင့်ဆွေ၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့် ဗဟိုအဖွဲ့တာဝန်ရှိသူများ ရှေ့မှောက်တွင် အမှုဆောင်သစ်များအား အတည်ပြုကြေညာခဲ့ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


