မကွေး   ၈   ဧပြီ    

 

မကွေးမြို့တွင် ကျောင်းပိတ်ရက် နွေရာသီသင်တန်းအမျိုးမျိုးကို ဖွင့်လှစ်ပို့ချလျက်ရှိရာ နိုင်ငံခြားဘာသာ (ဂျပန်)စကားပြော အခြေခံသင်တန်း ၃/၂၀၁၉ ကို ထနောင်းရင်ခွင်စာပေဝိုင်းနှင့် အောင်ပွဲစံ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ဧပြီလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက အောင်ပွဲစံကိုယ်ပိုင် အထက်တန်းကျောင်းခန်းမ၌ သင်တန်းဖွင့်ပွဲပြုလုပ်ကြောင်း သိရသည်။

 

နိုင်ငံခြားဘာသာ(ဂျပန်)စကားပြော အခြေခံသင်တန်းကို ၂၀၁၈ ခုနှစ်က ၁/၂၀၁၈ နှင့် ၂/၂၀၁၈ နှစ်ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ဒီလိုဖွင့်လှစ်ခဲ့လို့  ဂျပန်နိုင်ငံသားများနှင့် တွေဆုံစကား ပြောနိုင်စွမ်းရည် ဆုများချီးမြှင့် နိုင်ခဲ့တဲ့အပြင် ဂျပန်နိုင်ငံသို့ ခေတ်ပေါ်နည်းပညာများ ပညာသင်ကြားခြင်း၊ စီးပွားရေးဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း၊ ပြည်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်ဟု  ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာကြီး ဦးရဲတင့်က ပြောသည်။

 

ကျွန်တော့်အနေနဲ့ ဒီသင်တန်းက အခမဲ့သင်တန်းလည်းဖြစ်တဲ့အတွက် သင်တန်းဆရာ ပင့်ဖိတ်ခြင်း၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ စလင်း၊ ရေနံချောင်း၊ နတ်မောက်၊မြို့သစ်၊ တောင်တွင်းမြို့နယ်များက သင်တန်းသား သင်တန်းသားများကို online ကနေ စုရုံးခြင်းနဲ့ တစ်ဦးချင်း ဖုန်းမက်ဆေ့ဖြင့် ဆက်သွယ်ခြင်းတို့ သုံးပြီး သင်တန်းဖြစ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဘယ်အသင်းအဖွဲ့ ဘယ်ပါတီရဲ့ အရိပ်မိခြင်း မရှိစေတဲ့အပြင် အလှူရှင် လည်းမရှိတာကြောင့် သင်တန်းသားများရဲ့ အကျိုးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရပါတယ်၊ သင်တန်းသား စုစုပေါင်း ၂၀ဝ ဦးနဲ့ ဖွင့်လှစ်ပို့ချနေတာဖြစ်ပါတယ်ဟု ထနောင်းရင်ခွင်စာပေဝိုင်း၊ စာရေးဆရာ နိုင်ယုဝေက ပြောဆို သည်။

 

အဆိုပါသင်တန်းတွင် သင်တန်းဆရာကြီး ဒေါက်တာသိန်းဆွေ(ဂျပန်တက္ကသိုလ်)နှင့် လက်ထောက်ဆရာ ဆရာမ ဒေါ်ယုကလျာမြင့်တို့က ဧပြီလ ၁ ရက်နေ့မှ စတင်၍ နံနက်ပိုင်းတွင်(၈ နာရီ မှ ၉ နာရီခွဲ)အချိန်ထိလည်းကောင်း၊ ညနေပိုင်းတွင်(၄ နာရီခွဲ မှ ၆ နာရီ)အချိန်ထိ လည်းကောင်း၊ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လကြာ  အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)     

 

2.0