မကွေး အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူးကျင်းပသည့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါ တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စုစုခိုင် က(၂/၂၀၂၅-၂၀၂၆) အစည်းအဝေးတွင် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များက လုပ်ငန်း မှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှု အခြေအနေအား Power point ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်း မှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော ဝင်ငွေတိုးလုပ်ငန်းရှင် ၁၀၅ ဦး၊ ပြင်ပလုပ်ငန်းရှင် ၇၅ ဦး စုစုပေါင်း ၁၈၀ ၏  အချက်အလက်များအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ အထောက်အထား အချက်အလက် ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ စိစစ်၍ လုပ်ငန်း မှတ်ပုံတင်ခွင့် ပြုချထားပေးနိုင်ရေး အတည်ပြု ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)