မကွေး ၂၄ မတ်
မကွေးတိုင်းဒေသကြီး ကလေးသူငယ်ကွန်ရက်ဖွဲ့စည်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့်အတူ ကလေးသူငယ် ကွန်ရက်ဖွဲ့စည်းမိတ်ဆက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက် အမှာစကားပြောကြားသည်။
ကလေးသူငယ်ကွန်ရက်ကို တိုင်းဒေသကြီးအတွင်းရှိ မိဘအုပ်ထိန်းသူများနှင့် ကလေးသူငယ်များအားလုံး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာများကို ပိုမိုသိရှိလာနိုင်စေရန်၊ ကလေးသူငယ်များအား အခွင့်အရေး ချိုးဖောက်ခံရခြင်းမှ ကာကွယ်ပေးလာနိုင်စေရန်နှင့် လျှော့ချနိုင်စေရန်၊ ကလေးများအားလုံး ကလေးသူငယ်အခွင့် အရေးများ သိရှိပြီး လိုအပ်ချက်များကို တောင်းဆိုလာနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ နှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ က စီစဉ်ဖွဲ့စည်းခြင်းဖြစ်သည်။ `
အဆိုပါ ကလေးသူငယ်ကွန်ရက်ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အထောက်အကူပြု ကော်မတီဖွဲ့စည်းကာ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကလေးများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ “ တောက်ပလင်းလက် ကလေးကွန်ရက် ” ကို ကလေးသူငယ်အဖွဲ့ဝင် ၃၂ ဦးဖြင့် ဖွဲ့စည်းပေးခြင်းဖြစ်သည်။
ယင်းကွန်ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ အဖွဲ့အစည်း အသီးသီးမှ ကလေးသူငယ် အဖွဲ့ဝင် ၄၂၇၀ ဦးရှိကြောင်း သိရှိရပြီး၊ အထောက်အကူပြုကော်မတီမှ ဆက်လက်ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့ဝင် ကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း၊ မြို့နယ်အဆင့်ကလေးသူငယ်အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကွန်ရက်အဖွဲ့ဝင် ကလေးစာရင်းများ ပြုစုခြင်း၊ အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခြင်း၊ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုးလေး(ပြန်/ဆက်)


