မကွေး   ၂၁   ဧပြီ    

 

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာ(၁၂၃)ရွာတွင် သောက်သုံးရေရရှိရေး ဖူလုံစွာရရှိရေးအတွက် ရေရရှိရေးလုပ်ငန်း(၁၂၃)ခုကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

dfff

 

“မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို အပူရှိန်ပြင်းမှုကြောင့် ရေခမ်းခြောက်ကာ ရေရှားပါးမှုတွေ ကြုံတွေ့ရတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်မှာတော့ ယခင်နှစ်က ရေရှားပါးလို့ ရေပေးဝေ ခဲ့ရသောကျေးရွာတွေနဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာတွေကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်း (၇၄)တွင်း၊ တွင်းတိမ်စက်ရေတွင်း (၃)တွင်း၊ လက်တူးတွင်း(၂)တွင်း၊ မြေသားရေကန်(၆)ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း(၅)ခု၊ အခြားရေရရှိရေးလုပ်ငန်း(၃၃)ခု စုစုပေါင်းရေရှိရေး လုပ်ငန်း (၁၂၃)ခုကို ငွေကျပ် ၂၃၆၀ ဒသမ ၆၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ရေရရှိရေးလုပ်ငန်း ၃၆ ခု  ဆောင်ရွက်ပြီးစီးပြီး ကျန်ရှိတဲ့ လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်”ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြသည်။

 

“ကျွန်တော်တို့ တိုင်းဒေသကြီးတွင်းမှာရှိတဲ့ ကျေးရွာအချို့ဟာဆိုရင် နှစ်စဉ်ရေရှားပါးလို့ ရေဖြန့်ဝေပေးနေရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဌာနေအနေနဲ့တော့ ယခုနှစ်မှာ အဆိုပါ ရေဖြန့်ဝေပေးခဲ့ရတဲ့ကျေးရွာတွေနဲ့ အခြားရေရှားပါနိုင်တဲ့ ကျေးရွာတွေကို သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေ ဦးစားပေးရွေးချယ်ပြီး ဆောင်ရွက်နေပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေ့စဉ် အပူရှိန်မြင့်တက်မှုကြောင့် ကျေးရွာတွေမှာ ရေခမ်းခြောက်ပြီး အရေးပေါ် ရေရှားပါးမှုတွေ ကြုံတွေ့လာရင်လည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမှာပါ။ ကျေးရွာတွေအနေနဲ့ ရေပြတ်လပ်မှုရှိပါက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများကို ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်၊ တယ်လီဖုန်းတွေနဲ့လည်း အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်လို့” တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဆက်လက်ပြောသည်။


သန်းလွင်(မကွေး)

 

dgw