မကွေး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ကန်သာဈေးကြီးနှင့် ကန်သာရပ်(၁၄)လမ်းတို့တွင် သွေးလွန်တုပ်ကွေး ရောဂါ ကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပိုးလောက်လမ်းပေါက်ပွားမှု မရှိစေရေး ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန် များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုနှင့် မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အခြေခံ ပညာကျောင်းများ၊ ဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်း ပေါက်ပွားမှုကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ခြင်း၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


