မကွေး ဩဂုတ် ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်အတွင်းရှိ တရားသူကြီး ၃၇ ဦးနှင့် အွန်လိုင်းစနစ်ဖြင့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ တရားသူကြီး ၃၉ ဦး စုစုပေါင်း ၇၆ ဦး တက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုတရားသူကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်း ရွေးကောက်ပွဲ ဆွေးနွေးပြီး အောင်မြင်ရေးအတွက် မိမိကျရာတာဝန်များ ကျေပွန်စွာဆောင်ရွက်ကြရေး၊ နိုင်ငံတော်၏မူဝါဒ၊ ဦးတည်ချက်များနှင့် ဌာနကချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ကြရေး၊ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ဆောင်ရွက်ကြရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ တတိယနှစ် လုပ်ငန်းအစီအစဉ် အောင်မြင်အောင် (၂၀၂၅) ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရေးတို့ကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းချိုနှင့် ဒေါ်ခင်နှင်းထွဋ်တို့က ထပ်ဆင့်ရှင်းလင်း မှာကြားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က မှာကြားသည့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်မာလာက ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)


