မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားတွင် ကျင်းပသည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေး ဧပြီ ၇

 

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရနှင့် သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှင်သာမဏေများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်များ ရွတ်ပွားသရစ္ဇျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းငွေကျပ် သိန်း(၅၀၀)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေကျပ် (၁၀၃၃)သိန်းနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် ဆရာတော်အရှင်သူမြတ်များနှင့် သာမဏေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး စလင်းမြို့၊ လက်ပံပင်စာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ထံမှ အနုမောဓနာတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)