မကွေးတိုင်း၌ တက္ကသိုလ်ဝင်တန်းအောင်ချက် လျော့ကျသည့်အပြင် လုံးဝမအောင်သည့် ၁၆ ကျောင်းရှိ

မကွေး ၃ ဇွန်

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ဇွန် ၂ ရက်က ထွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း စာမေးပွဲအောင်ချက်မှာ ယမန်နှစ်ကထက် ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သလို အောင်မြင်မှု လုံးဝမရှိဘဲ အောင်ချက်ရာနှုန်း သုညဖြစ်နေသည့် ကျောင်း ၁၆ ကျောင်း ရှိနေကြောင်း မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ဦးအောင်မြင့်က မကွေးဒေသခံ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားချက်အရ သိရသည်။ 

 

“၂၀၁၈ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ စာစစ်ဌာန ၁၆၀၊ ဖြေဆိုသူ ၇၇၂၂၀ ဦး ရှိပြီးတော့ ဒီနေ့အောင်စာရင်းအရ အောင်မြင်သူ ၂၄၄၉၀ ဦး၊ အောင်ချက်က ၃၁ ဒသမ ၇၁၄၂ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ မနှစ်က ဖြေဆိုသူ ၇၀၂၉၁ ဦးရှိပြီး အောင်မြင်သူ ၂၆၇၀ဝ ဦး ရှိခဲ့ပါတယ်၊ အောင်ချက်က ၃၇ ဒသမ ၉၈ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ ဒီနှစ် အောင်ချက်က မနှစ်ကထက် ခြောက်ရာခိုင်နှုန်းလျှော့ပါတယ်၊ မနှစ်က အောင်ချက် သုညရာနှုန်းကျောင်း ၁၀ ကျောင်း ရှိခဲ့ပါတယ်၊ ဒီနှစ်မှာ အောင်ချက်ရာနှုန်း သုညဖြစ်ခဲ့တဲ့ ကျောင်းက ၁၆ ကျောင်းပါ”ဟု မကွေးတိုင်းဒေသကြီး ပညာရေးမှူးက အတည်ပြုပြောကြားသည်။

 

အောင်ချက်ရာနှုန်း သုညဖြစ်ခဲ့သည့် ကျောင်းများမှာ မကွေးမြို့နယ်မှ အထက(ခွဲ) ညောင်ကန်၊ ချောက်မြို့နယ်မှ အထက(ခွဲ)နရွဲတော၊ တောင်တွင်းကြီးမြို့နယ်မှ (အထက)တက်ပုအောင်၊ နတ်မောက်မြို့နယ်မှ အထက(ခွဲ)လေးအိမ်နှင့် အထက(ခွဲ) ဖက်သန်းတောင်၊ မြို့သစ်မြို့နယ်မှ အထက(ခွဲ)ဂွေ့ ကြီး၊ မြိုင်မြို့နယ်မှ အထက(ခွဲ) ချောင်းဆုံ၊ မြိုင်မြို့နယ်မှ အထက(ခွဲ)မြို့စိုးနှင့် အထက(ခွဲ)ဝယ်တောင် (တောင်ကျောင်း)၊ ရေစကြိုမြို့နယ်တွင် အထက(ခွဲ)ရွှေလှံနှင့် အထက(ခွဲ)သာစည်၊ သရက်မြို့နယ်တွင် အထက(ခွဲ)တလပါးနှင့် အထက(ခွဲ)အလတ်လယ်၊ ကံမမြို့နယ်တွင် အထက(ခွဲ)ကျောက်မ၊ မင်းတုန်းမြို့နယ်တွင် အထက(ခွဲ) ထန်းပင်ကုန်းနှင့် အထက(ခွဲ) အလယ်ချောင်းတို့ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်း ဂုဏ်ထူးဖြင့်အောင်မြင်သူပေါင်း ၆၉၀၆ ဦးရှိပြီး အောင်ချက်အများဆုံးမြို့မှာ မကွေးမြို့နှင့် အောင်ချက်အနည်းဆုံးမြို့မှာ ဆောမြို့ဖြစ်ကြောင်း၊ အောင်ချက်ရာနှုန်း သုညဖြစ်ရသည့် ကျောင်းများအတွက် ထိုသို့ဖြစ်ရသည့် အကြောင်းအရာများကို အဖြေရှာ၍ မိဘ၊ ဆရာ ပူးပေါင်းကာ အောင်မြင်မှုများရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သိပ္ပံဘာသာတွဲ ယူသူများသာမက ဝိဇ္ဖာတွဲတွင် ဂုဏ်ထူးထွက်သူများစွာလည်း ရှိနေသည့်အတွက် မည်သည့်ဘာသာတွဲကိုယူယူ မိမိကြိုးစားမှုသာ အဓိကဖြစ်ကြောင်းလည်း မကွေးတိုင်းဒေသကြီး ပညာရေးမှူးက ပြောကြားသည်။

 

ဇေယျတု(မကွေး)