မက်ဂန်မာကယ်ရဲ့ မင်္ဂလာဝတ်စုံကို ဝေဖန်လိုက်တဲ့ ကေတီပယ်ရီ

၂၃ မေ

 

အမေရိကန်အိုင်ဒေါမှာ ဒိုင်အဖြစ် ဆောင်ရွက်နေတဲ့ အဆိုတော် ကေတီပယ်ရီက မကြာသေးခင်ကမှ တော်ဝင်မင်းသားဟယ်ရီနဲ့ လက်ထပ်ပွဲ ကျင်းပသွားတဲ့ မက်ဂန်မာကယ်ရဲ့ သတို့သမီးဝတ်စုံကို ဝေဖန်ခဲ့ပါတယ်။ ပေါ့အဆိုတော်တစ်ဦးဖြစ်တဲ့ ကေတီပယ်ရီက မက်ဂန်မာကယ်ရဲ့ ဝတ်စုံဟာ အနည်းငယ်လိုနေသလို ခံစားရပြီး ၂၀၁၁ ခုနှစ်က ဝီလျံနဲ့ လက်ထပ်လိုက်တဲ့ ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန်ရဲ့သတို့သမီးဝတ်စုံကို ပိုနှစ်သက်တယ်လို့ ပြောပါတယ်။

 

ဒီလိုမျိုး ဝေဖန်လိုက်ပေမယ့် ကေတီပယ်ရီက သူဟာ ဟယ်ရီကိုရော မက်ဂန်ကိုပါ ချစ်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။ မက်ဂန်မာကယ်ရဲ့ သတို့သမီးဝတ်စုံကို လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး မင်္ဂလာပွဲနေ့ကျမှ ပရိသတ်အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်ဒီဇိုင်းနာကလဲရာဝိတ်ကယ်လာက ဒီဇိုင်းဆွဲပေးခဲ့တာပဲဖြစ်တယ်။

 

ကေတီပယ်ရီကတော့ အမေရိကန်အိုင်ဒေါ ဖိုင်နယ်ပွဲကျင်းပတဲ့ ညမှာပဲ မင်္ဂလာဝတ်စုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ပြောခဲ့တာပဲဖြစ်တယ်။ ‘‘မက်ဂန်မာကယ်ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ တကယ်ပဲ ချီးကျူးဂုဏ်ယူပါတယ်။ သူတို့စုံတွဲ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်’’ လို့ ကေတီပယ်ရီက အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

 

ဘီဘီစီ
ခြူး