မက္ကဆီကိုနိုင်ငံ၌ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သုံးဦးသေဆုံး

မတ် ၇

မက္ကဆီကိုနိုင်ငံအနောက်ပိုင်း Michoacan ပြည်နယ် Lazaro Cardenas ဆိပ်ကမ်းမြို့၏အနောက်တောင်ဘက် ကီလိုမီတာ ၃၇၀ အကွာတွင် ယမန်နေ့က မက္ကဆီကိုရေတပ်၏ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရေတပ်အဖွဲ့ဝင်သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရေတပ်ဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါရဟတ်ယာဉ်သည် လေယာဉ်တင်သင်္ဘောကုန်းပတ်မှ ပျံတက်ခဲ့ပြီးနောက်မကြာမီအချိန်မှာပင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ ထိုရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားသည့်အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း ဖော်ပြထားသည်။ ရဟတ်ယာဉ်ပေါ်တွင် ရေတပ်ဖွဲ့ဝင် ရှစ်ဦးလိုက်ပါလာကြောင်းနှင့် ၎င်းတို့အနက်သုံးဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း ရေတပ်ကပြောကြားသည်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိရာ ရှာဖွေမှုများလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို