မမိုးမြေ
ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကသိုလ်သည် အသက်ကြီးလှပါပြီ။ တက္ကသိုလ်သို့ ကျွန်မတို့ရောက်စက အဓိပတိလမ်းတစ်လျှောက်မှ ရေတမာပင်လေးတွေသည် ငယ်ငယ်လေး ရှိကြသေးသည်။ ယခုကဲ့သို့ အရပ်မမြင့်ကြသေး။ ပုပုဝိုင်းဝိုင်း၊ ရွက်စိမ်းနုနုအုပ်အုပ်နှင့် အပျိုပေါက်ကလေးပမာ ချစ်စရာကောင်းပါဘိခြင်း။ ကံ့ကော်ပင်လေးတွေကလည်း အရွယ်ကောင်းတုန်း၊ ဖူးကြပွင့်ကြတုန်း။ သစ်ပုပ်ပင်ကြီးကတော့ အသက်ရှည်ပါပဲ။ သူ၏အိုမင်းပုံက လှလွန်းပါသည်။ သူ့ကိုမြင်လျှင် သူ့အနားမှာ ဓာတ်ပုံရိုက်ချင်သည်၊ သူ့အရိပ်မှာခိုချင်သည်။ သူနှင့်ပတ်သက်မှုရှိခဲ့ကြောင်း သက်သေကျန်ခဲ့ချင်သည်။
သူက အရွယ်ရင့်လာပေမယ့် ပရိသတ်ကို ဆွဲဆောင်နိုင်ဆဲဖြစ်သည့် အနုပညာရှင်တစ်ယောက် လိုပါပဲလား။ သစ်ပုပ်ပင်ကြီးသည် မွေးရာပါ ပါရမီရှင်တစ်ဦးပါပဲ။ သူ့ကို အလှအတွက်ခံစားကြသည်၊ ဘဝအတွက် ဆင်ခြင်ကြသည်၊ သူနှင့် ချစ်ကြည့်သည်၊ လွမ်းကြည့်သည်၊ ရသမျိုးစုံပေးနိုင်သည်။ အသက်ရှည်ပြီး အချောမပျက်သည့် သစ်ပုပ်ပင်ကြီးပါ။ သူ့အသက် ဘယ်လောက်ရှိပါပြီလဲ။ တွက်ကြည့်ချင်စမ်းပါဘိ။
ကျွန်မသည် ၁၉၆၀ - ၁၉၆၁ ပညာသင်နှစ်တွင် တက္ကသိုလ်သို့ ရောက်သည်။ ၁၉၆၁ မှ ၁၉၆၅ ခုနှစ်အထိ သီရိဆောင်တွင်နေခဲ့သည်။ သီရိကို ဘင်တန်ဟုလည်း ခေါ်သည်။ ၁၉၆၅ မှာ အဆောင်သူဘဝပြီးဆုံးပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ နည်းပြဆရာမလေး ဖြစ်လာသည်။ နည်းပြဆရာမ မဖြစ်ဖြစ်အောင် ဝိဇ္ဇာဂုဏ်ထူးတန်းမှာ အပြင်းအထန် စာကြည့်ခဲ့ရသည်။ မဟာဝိဇ္ဇာဘွဲ့ရသည်။ နယ်တက္ကသိုလ်များမှာ ပြောင်းရွှေ့အမှုထမ်းရသော်လည်း ရန်ကုန်တက္ကသိုလ်နှင့် မစိမ်းပါ။ နယ်မှပြောင်းလာလျှင် ရန်ကုန်တက္ကသိုလ် ပြန်ရောက်လာပြန်သည်။ ရန်ကုန်တက္ကသိုလ်က ရာပြည့်ပြီဆိုတော့ ကျွန်မတက္ကသိုလ်ရောက်ခဲ့သည်မှာ အနှစ် ၆၀ စွန်းစပြုပြီ။ ပါမောက္ခအထိ တာဝန်ထမ်းဆောင် အငြိမ်းစားယူပြီးမှ ပါရဂူဘွဲ့ရသည်။ အငြိမ်းစားယူပြီး ၁၅ နှစ်ခန့်ဆက်၍ ရန်ကုန်တက္ကသိုလ် ပါရဂူအကြိုတန်းသင်ရန် မြန်မာစာဌာနသို့ အမြဲရောက်သည်။ ကျွန်မတို့သည် ရန်ကုန်တက္ကသိုလ် အသက် ၄၀ ခန့်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ကျွန်မတို့ခေတ်က တက္ကသိုလ်သည် လွမ်းစရာကောင်းလှပါသည်။ လွမ်းစရာ မြကျွန်းညိုကို လွမ်းချင်လာအောင် ရာပြည့်အထိမ်းအမှတ်ဖြင့် တက္ကသိုလ်သီချင်းလေးများနှင့် အသက်သွင်း တင်ဆက်ကြသည်။ ကျွန်မတို့ခေတ်၏ တက္ကသိုလ်တွင် ဒီဇင်ဘာလဆိုလျှင် အဆောင်တိုင်းမှာ နှစ်ပတ်လည် ညစာစားပွဲရှိသည်။ အဆောင်သူများသည် ဧည့်သည်ဖိတ်လိုလျှင် လက်မှတ်ဝယ်၍ ဖိတ်နိုင်သည်။ ချစ်သူများကို ဖိတ်ကြသည်။ ဆောင်းည၏ အေးမြမြ၊ မှုန်ရီရီအရိပ်မှာ အတူခိုလှုံကြသည်။ မိတ်ဆွေများကိုလည်း ဖိတ်ကြသည်။ ထိုမိတ်ဆွေအနေဖြင့် ရင်းနှီးမှုကို ညစာစားပွဲတွင် လာရောက်ဖျော်ဖြေကြသော အနုပညာရှင်များက ချစ်သူဘ၀သို့ရောက်အောင် သီချင်းသံဖြင့် ပို့ဆောင်ပေးသည်။ တေးသံရှင် ချိုပြုံး၏ “တက္ကသိုလ်ကျောင်းက ငွေလဝန်း” သီချင်းတွင် “မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ ....” တဲ့လေ။
မိတ်ဆွေယောက်ျားလေးနှင့် မိန်းကလေးအကြည့်ချင်း ဆုံဖြစ်လိုက်ကြသည်၊ မျက်လုံးချင်း စကားပြောဖြစ်ကြသည်၊ ချစ်သူဘဝသို့ အနေအထား ရွေ့လျားရန်ပေါ့လေ။ ရေတမာပင်လေးအောက်မှာ စုံတွဲတစ်တွဲ တိုးသွားရုံပါပဲ။ နှစ်ဆုံးတော့ မခွဲနိုင်မခွာရက်ကြ။ အဆောင်ကော်ရစ်ဒါမှာ အမျိုးသားက ချစ်သူအမျိုးသမီးလေး၏ မျက်နှာကို မိုးကြည့်ရင်း ချစ်ရေးဖွဲ့နေကြသည်။ အခန်းနံပါတ် - ဒီ အောက်ဆုံးထပ် ရှေ့ဆုံးခန်းတွင် နေသူများဖြစ်၍ ညနေစောင်းချိန်တွင် စုံတွဲများကို ထိုင်ကြည့်ပြီး လိုက်မလိုက် ဆုံးဖြတ်ပေးကြသည်။
ကျောင်းပိတ်ရက်ခွဲခွာချိန်တွင် ချစ်သူမိန်းကလေးများသည် ပိန်ပိန်ဝဝ၊ သေးသေးနွဲ့နွဲ့မရွေး မျက်ရည်ဝဲကြသည်။ မျက်ရည်ကျကြသည်။ သီရိသူ ဝဝ ထောင်ထောင်မောင်းမောင်း တစ်ယောက် ချစ်သူကိုမော့ကြည့်ရင်း ငိုနေသည်။ ဖြတ်သွားဖြတ်လာတွေ့သော ကျွန်မသည် တအံ့တဩနှင့် “ဟယ် ....သူက ဝဝကြီးနဲ့ ငိုနေတယ် သိလား” ဟု သူငယ်ချင်းမကြည်သန်းကို ပြောမိသည်။ သူက “ဝရင် မငိုရဘူးလို့ နှင့်ကိုဘယ်သူပြောလဲ၊ သူချစ်လို့ သူငိုတာ၊ နင့်အပူပါလား” ဟုဆိုသည်။ စာမေးပွဲရက်တွေမှာ ရည်းစားနှင့်ကွဲ၍ ငိုရသူတွေလည်း ရှိသည်။ ထိုအခါ အဆောင်သူများ စိတ်မချမ်းသာကြပါ။ ညစာစားပွဲတွင် ဖျော်ဖြေခဲ့သည့်သီချင်းကိုပဲ ညည်းမိကြတော့သည်။ ခုတော့ ထိုသစ္စာရယ်... တမာများလို ခါးခဲ့ပြီပေါ့ကွယ် ....ပါတဲ့။
ထိုခေတ်က သီချင်းလာဆိုသည့် အနုပညာရှင်များမှာ စန္ဒရားချစ်ဆွေ၊ မာမာအေး၊ ထား၊ ချိုပြုံးတို့ဖြစ်ကြသည်။ ချိုပြုံးက နည်းနည်းနောက်ကျသည်။ စန္ဒရားချစ်ဆွေ အမြဲသီဆိုသည့် သီချင်းက ဆောင်းညကို ပို၍လွမ်းစရာကောင်းလာစေသည်။ တစ်ဖက်သတ်ချစ်နေဆဲအဆင့် ချစ်သူကိုယ်စား ရင်တွင်းခံစားချက်ကို ဖွင့်ဟပေးလိုက်သည့်အတွက် ရင်ခုန်သံများ ဆူညံလာကြသည်။ သူ့သီချင်းက “ချစ်အားငယ်ရသူ” ဖြစ်ပါသည်။ သီချင်းက ရင်ဖွင့်သံပီလှသည်။ ကြည့်ပါဦး။
“သူ့မျက်နှာ ကျွန်တော်အသည်းစွဲနေတယ် ...... သူသာ ကျွန်တော့်ဘဝ .သူသာ ကျွန်တော့်ရဲ့ကမ္ဘာ .. တွယ်ရာမဲ့တစ်ယောက်လိုဖြစ်နေသော... ကျွန်တော်ရဲ့ အချိန်တိုင်းမှာ....သူသာဖြစ်နေတဲ့အထိ ....အစဉ်အမြဲရင်ထဲငြိတွယ်.... သူနဲ့တွေ့လေတိုင်း ...... ဘာကြောင့်များချစ်အားငယ် .....တကယ်ပင် ဝမ်းနည်းလာတယ်ကွယ် ... တဲ့လ”
မြကျွန်းညိုကမ္ဘာသစ်ကို စတွေ့စ၊ ကမ္ဘာသစ်မှာ ရင်ခွင်သစ်ကို ဖွေရှာစ၊ မငြိတငြိ စိတ်ခံစားမှုကို တေးစာသားက အပြည့်အဝ ပုံဖော်ပေးနိုင်ခဲ့ပါသည်။ ထိုနည်းဖြင့် ကံ့ကော်တောသည် သာမောဖွယ် ကဗျာတော ဖြစ်လာခဲ့ပြန်ပါသည်။
တေးသံရှင် မာမာအေး အမြဲဆိုသည့် သီချင်းမှာ “မေ့ကွက်ကိုရှ” ဖြစ်ပါသည်။
“မေ့ကွက်ကိုရှာသောသူရေ...နေ့ရက်တွေကြာသာကြာတော့ ...” ဆိုသည့် လွမ်းမောသံ၊ ဖွေရှာသံက ဆောင်းညကို လွှမ်းမိုးပျံ့နှံ့သွားသည်။ ကျွန်မတို့ခေတ်က တေးသံရှင် “ထား” အမြဲဆိုသော သီချင်းမှာ “မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ” နှင့် “မေတ္တာနုနု စေလိုသူ” ဖြစ်သည်။
ကျွန်မတို့ အစွဲဆုံးနှင့် ယနေ့တိုင်မေ့မရသော သီချင်းမှာ “မနက်ဖြန် သို့မဟုတ် ဘယ်သောအခါမှာ ဖြစ်ပါသည်။ တစ်နေ့တစ်နေ့ တစ်နေ့တခြား ပြောင်းလဲတတ်သည့် ကံ့ကော်တောဝန်းကျင်တွင် ဖြစ်လွယ်ပျက်လွယ်၊ ပြောင်းလဲလွယ်သည့် သင်္ခါရဓမ္မသည် နီးကပ်မြန်ဆန်လွန်းလှသည်။ တစ်ခါတုန်းက တက္ကသိုလ်မှ ခံစားမှုကို ရင်ဝယ်ပွေ့ပိုက်၍ “ထား” ၏ သီချင်းကို ညည်းနေမိသည့် ကျောင်းသူများသည် နှစ်စဉ်နှစ်တိုင်း ရှိခဲ့ပါလိမ့်မည်။ သီချင်းစာသားက “ မဟာကပ်ကမ္ဘာ၊ စကြဝဠာတိုင်း၊ ခိုင်းနှိုင်းမရပါ။ သူ့တစ်ယောက်အပေါ်ပဲ အစွဲအလမ်း ကြီးမားလှစွာ၊ နုပျိုသည်မှ အိုမင်းရင့်ရော်သည်အထိ ငို၍သော်လည်းကောင်း၊ ရှိုက်၍သော်လည်းကောင်း စောင့်မျှော်လျက်နေဆဲပါ။ မောင်ရေးလာမယ့် စာချွန်လွှာ၊ မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ” ဖြစ်ပါသည်။ မလွမ်းဘယ်သူ နေနိုင်ပါသနည်း။ ချစ်သူမရှိခဲ့သူများပင်လျှင် ရှိသလိုလို လွမ်းမိပါလိမ့်မည်။
မြကျွန်းညိုတွင် ပညာသင်ကြသူများ ရင်ကိုထိခိုက် ဆွေးမြည့်စေသော တေးတစ်ပုဒ် ရှိပါသေးသည်။ စန္ဒရားချစ်ဆွေ၏ “ချစ်သူဝေးဝေးမသွားပါနဲ့လား” ဖြစ်ပါသည်။ တေးစာသားက ချစ်သူတို့ဖြစ်ရပ်နှင့် ကိုက်ညီလွန်းလှသည်ပဲ။ “ကိုယ့်ဘဝနဲ့ ပေါင်းစပ်ဖလှယ်ရမယ် ထင်လို့ကွယ် ...ချစ်မိပြီဆိုလေတိုင်း ... အသက်ပေးပြီး ချစ်ရသူအဖို့ရယ် .... အပြစ်မယူ ဆွေး... နွေးစကား.. သာဖွဲ့အနားဝယ်..ချစ်သူဝေးဝေးမသွားပါနဲ့လားကွယ် .. ချစ်သူဝေးဝေး မသွားပါနဲ့လားကွယ် ... သာယာသောကန်အကွေ့ဝယ် တွေ့ကြတုန်းက စိန်ပန်းပြာနဲ့ ပဏာရသူရယ် ... ခင်မင်တွယ်တာခြင်းရဲ့ ခိုင်မြဲလေသော အသည်းကို ခွဲခွာခြင်းလက်နက်နဲ့ နှိပ်စက်ချင်သလားကွယ် ...(အနုပညာမြတ်နိုးသူကြီးရယ်)” စသည်ဖြင့်ပါပဲ။
အဘယ်မျှစွဲငြိစရာ၊ လွမ်းမောစရာ ကောင်းလိုက်ပါဘိသနည်း။ အနှစ် ၆၀ ကျော်ခဲ့သည့်တိုင် မေ့မရနိုင်ပါ။
“မြကျွန်းညိုညို တက္ကသိုလ်” သီချင်းသည် ကျွန်မတို့ ဆရာမဖြစ်သည့်အချိန်ခန့်ရောက်မှ ပေါ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူတစ်ဦးက တက္ကသိုလ်ကျောင်းတွေ အကြာကြီးပိတ်လိုက်ပြီး ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ လက်ရှည်ဝတ်ရန် စည်းကမ်းသတ်မှတ်သည်။ စည်းကမ်းကို သရုပ်ဖော်သည့်သီချင်း ဖြစ်ပါသည်။ တစ်နေ့တခြား၊ တစ်နေ့တခြား ပြောင်းလဲတတ်တဲ့ဝန်းကျင်ကိုပင် အံ့ဩမိတယ်ဆိုသည့် “တက္ကသိုလ်မှာဝေတဲ့နှင်း” ကလည်း တက္ကသိုလ်ဓလေ့၊ တက္ကသိုလ်ဓလေ့နှင့် လိုက်ဖက် လွန်းလှပါဘိသည်။
ကိုမြသိန်း၏ မြသီတာ အလွမ်းပြေ “ကြင်ကြင်နာနာ ဘယ်ကမ္ဘာ” သီချင်းများက မေ့ရက်စရာမရှိပါ။ ရသလွန်ကဲ ပြည့်ဝလွန်းလှပါသည်။ “ကြင်ကြင်နာနာ ဘယ်ကမ္ဘာ” ကို ရေးသူ ပညာရေးတက္ကသိုလ်မှ မိုးကျော်ထွန်းသည် ချစ်သူကို ရည်ရွယ်ရေးဖွဲ့ခဲ့သော်လည်း တကယ့်ဘဝတွင်မူ “ချစ်သူရီရီ၊ ကြည်ကြည်ပြုံးပြုံးနှင့် ကမ္ဘာသက်ဆုံးရာ သက်လုံးမပေါင်းလိုက်ရပါ” မြကျွန်းညိုသို့ သတိရတိုင်း ကရုဏာလွှမ်းမိုး၊ အကြင်နာဆယ်ဆ တိုးရင်းသည်ဘဝ ကာလတွေ ကုန်ဆုံးခဲ့ရရှာသည်။
အဆောင်သူများသည် ညနေ ၆ နာရီထိုးလျှင် ထွက်ခွင့်မရှိပါ။ သို့ရာတွင် ထွက်ခွင့်ရသော နေ့များရှိခဲ့ပါသည်။ ထိုနေ့များသည် တစ်သက်တွင် အပျော်ဆုံးနေ့များထဲတွင် ပါဝင်သည့်အတွက် မေ့မရပါ။ ကျွန်မတို့ ကျောင်းတက်စဉ်သည် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း နာမည်ကြီးခါစ ဖြစ်သည်။ မင်းသားကြီးသည် ဘီအေအောင်ပြီး ဘီအယ်လ်တက်နေသည်။ နံနက်စောစောတွင် ဘီအယ်လ် အတန်းများရှိသည်။ ၁၉၆၁ ခုနှစ်ခန့်တွင် စစ်ရဲနှင့် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ရပါသည်။ အမျိုးသမီးဆောင်များ ညအပြင် ထွက်ခွင့်ရပါသည်။
ဘတ်စ်ကားများနှင့် ဘောလုံးပွဲသွားကြည့်ပြီး တက္ကသိုလ်အသင်းကို အားပေးကြပါသည်။ ထိုနေ့က တက္ကသိုလ်ဝင်းတစ်ခုလုံး ကျောင်းသားကျောင်းသူ မကျန်တော့ပါ။ မင်းသားကြီးသည် ရှေ့တန်းတိုက်စစ်မှူး ဖြစ်ပါသည်။ ဂိုးဒိုင်ခံသွင်း၍ အနိုင်ယူပေးပါသည်။ ယနေ့ခေတ် ပရီမီယာလိဂ် ဘောလုံးပွဲများတွင် ရှေ့တန်းတိုက်စစ်မှူးသည်လည်း နောက်တန်းဆင်းလိုက်ရပါသည်။ နောက်တန်းခံစစ်ကလည်း ရှေ့တက်ရပါသည်။ တစ်ကွင်းလုံး ပတ်ကစားရပါသည်။ ထိုခေတ်က ကစားဟန်မှာ ထိုသို့မဟုတ်ပါ။ ရှေ့တန်းတိုက်စစ်မှူးသည် နောက်တန်းသို့ ဆင်းရန်မလိုပါ။ ရှေ့တန်းမှ အသင့်စောင့်၍ ဘောလုံးကိုရယူပြီး ဂိုးသွင်းရုံသာ ဖြစ်ပါသည်။ ကျွန်မတို့ တက္ကသိုလ်အသင်း၏ ရှေ့တန်းတိုက်စစ်မှူး ကောလိပ်ဂျင်နေဝင်းသည် ဘောလုံးကစားရာ၌ ကျွမ်းကျင်သူ၊ ဂိုးသွင်းရာ၌ ကျွမ်းကျင်သူပီပီ ရှေ့တန်းတွင် အေးအေးဆေးဆေး လမ်းလျှောက်နေပါသည်။ ဘောလုံး အရှေ့သို့ပြန်ရောက်လာမှ သယ်ယူပြီး ဂိုးသွင်းသူဖြစ်ပါသည်။ ဂိုးတစ်ဂိုးဝင်သွားတိုင်း ပွဲကြည့် စင်ပေါ်တွင် ထိုင်ရာမှထ၍ ဂိုးအရေအတွက် ပြောင်း/ မပြောင်းကို ကြည့်ရသည်မှာ ပျော်စရာကောင်းလှပါသည်။ ဘဝမှာ အလွန်တက်ကြွပျော်ရွှင်ခဲ့သည့် နေ့ရက်များပါ။
ဆီမီးဖိုင်နယ်အဆင့်ကိုကျော်ပြီး ဖိုင်နယ်ဗိုလ်လုပွဲတွင် မီးရထားနှင့် ပြိုင်ရပါသည်။ ကံ့ကော်တစ်တောလုံး အောင်ဆန်းကွင်းသို့ ရွေ့လျားကြသည်။ ဗိုလ်လုပွဲနိုင်၍ ဖလားရသောအခါ ကျောင်းသား ကျောင်းသူများသည် ကျောင်းသို့မပြန်သေးဘဲ “ ဗာစီတီ ... ဗာစီတီ.... ရားရား...” ဟု ရန်ကုန်တစ်မြို့လုံးပတ်၍ အော်ကြပါသည်။ ဘောလုံးကစားသူများအတွက် ဂုဏ်ပြုပွဲကို ပိတောက်လမ်းရှိ ဘီအိုစီကွင်း၌ ကျင်းပရာတွင်လည်း ကျောင်းသူများပါ ညထွက်ခွင့်ရပါသည်။ ချစ်သူရှိသူများတွင် ချစ်သူကိုယ်ရံတော်များပါသည်။ ကိုယ်ရံတော်လုပ်ခွင့် စောင့်နေသူတို့ကလည်း သူချစ်နေသော မိန်းကလေးအုပ်စုအနီးတွင် မိတ်ဆွေအနေဖြင့် ဝန်းရံပေးနေကြသည်။
တစ်ဦးတစ်ယောက်ချင်းတွဲကာ မှောင်ရိပ်ခိုသည့် အလေ့မရှိပါ။ မိန်းကလေးများကလည်း အုပ်စုလိုက်သွားပြီး ယောက်ျားလေးများကလည်း အုပ်စုလိုက် ပျော်ပျော်ပါးပါး သွားကြလာကြခြင်းသာ ဖြစ်ပါသည်။ ဂုဏ်ပြုပွဲတွင် အငြိမ့်စင်နှစ်ခုရှိပါသည်။ တစ်ဦးမှာ အမာစိန်အငြိမ့်ဖြစ်ပါသည်။ အမာစိန်အငြိမ့်သည် တက္ကသိုလ်လောကတွင် နာမည်ကြီးလှသည်။ အဆောင်ညစာစားပွဲများတွင် အမာစိန်အငြိမ့်ကို ငှားလေ့ရှိသည်။ ထိုစဉ်က မြန်မာစာဆရာကြီး ဦးလှရွှေသည် ဒဂုံဆောင်၏ အဆောင်မှူးဖြစ်သည်။ သူ့အဆောင်မှာ အမာစိန် အငြိမ့်ကပြီး နောက်အတန်းထဲတွင် မနေ့ညက ကျောင်းသားတွေ အမာစိန်ကို ငေးမောပြီး “အမာရေ...အမာရေ... အစ်ကိုတို့ဒီမှာ....ဒီမှာနဲ့ အော်ပြီး သွားကြလာကြတာ မြောင်းထဲချည်း ပြုတ်ကျကုန်တာ” ဟု ရယ်စရာပြောပြသည်။ အမာစိန်သည်လည်း တက္ကသိုလ်နန်းတွင် တစ်လှည့် ဆန်းခဲ့ဖူးပါသည်။
ဓာတ်ပုံ - တင်စိုး (မြန်မာ့အလင်း)
ကံ့ကော်တောတွင် တက္ကသိုလ်ရောက် တောသားလေးများအတွက် စာပေစကား ကြားနာခြင်းဖြင့်လည်း ပျော်နိုင်ကြပါသည်။ လက်မှတ်တစ်စောင် ငါးမူးနှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ဉာဏ်ကြီးရှင်ဖြေဆိုပွဲ။ ကျပန်းစကားပြောပွဲများကို နားထောင်နိုင်ကြပါသေးသည်။ စာရေးဆရာ စိန်လွင်လေးသည် ထိုစဉ်က ကျပန်းစကားပြော ကောင်းလွန်းသည့် ကျပန်းမောင်ဖြစ်ခဲ့သည်။ ကံ့ကော်တော၏ ဝတ်စားဆင်ယင်မှုစတိုင်ကလည်း မြင်ရသူစိတ်ကို ဖမ်းစားနိုင်ပါသည်။ ဆရာများသည် တိုက်ပုံ၊ ဘန်ကောက်ပုဆိုး၊ ခေါင်းပေါင်းနှင့် ကျက်သရေရှိလွန်းလှပါသည်။ တက္ကသိုလ်ဆရာဂုဏ်နှင့် လိုက်ဖက် လွန်းလှပါသည်။ ဆရာမများသည် အင်းလေးလုံချည်၊ ဇင်းမယ်လုံချည်၊ အင်္ကျီလက်ရှည်တွင် ပဝါနှစ်စအသာချ၍ ယဉ်ကျေးတင့်တယ်လွန်းလှပါသည်။ စာမေးပွဲဖြေစဉ်၌ပင် တက္ကသိုလ်ဆရာမတို့၏ ဆင်ယင်ထုံးဖွဲ့မှုနှင့် လှပလွန်းသောဆရာမလေးများကို ကြည့်လိုက်ဖြေလိုက်နှင့် ပင်ပန်းခဲ့ရဖူးပါသည်။ ကျွန်မကြုံခဲ့ရသော တက္ကသိုလ်သည် ပညာရေး၌ အဆင့်မြင့်သည်။ အရှေ့တောင်အာရှမှ ပညာသင်ကျောင်းသားများကို တွေ့နိုင်သည်။
မကြာမီ ဆောင်းရောက်တော့သည်။ တက္ကသိုလ်သည် ရာပြည့်တော့မည်။ ဆောင်းဦးကာလ မြကျွန်းညိုသည် ပန်းချီကဗျာထက် လှနေပေဦးမည်။ နှင်းမှုန်ဖွဲ့ဖွဲ့အောက်တွင် သစ်ရွက်ခြောက်များကို မီးပုံရှို့ရင်း အဆောင်ရှေ့တွင် တစ်ခါက ကျောင်းသားများ၏ သီချင်းသံသည် ဝေ့ကာဝဲကာနှင့် ပျံ့လွင့်နေပေဦးမည်။ မှုန်ပြာရီ ရာသီတွေပြောင်း တစ်ဆောင်းသစ်ခဲ့ပြီတဲ့လေ......။
ပန်းချီကဗျာထက်လှသော သီလတက္ကသိုလ်သည် ကမ္ဘာတည်သရွေ့ အသက်ရှည်ကျန်းမာ၊ ချမ်းသာပါစေ သော်။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်းမှာ ဒေါက်တာခင်သန်းဦး၊ ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) မြန်မာစာဌာန၊ ပုသိမ်တက္ကသိုလ် ဖြစ်သည်။ ဇာတိမှာ ဟင်္သာတဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရသည်။ ၁၉၇၁ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ရသည်။ ၂၀၀၆ ခုနှစ် (အသက် ၆၂ နှစ်) တွင် ရန်ကုန်တက္ကသိုလ် ပါရဂူဘွဲ့ ကို “ဝတ္ထုရှည် သဘောတရား၊ ဝတ္ထုရှည် အတတ်ပညာ”ကျမ်းဖြင့် ရရှိခဲ့သည်။ ၁၉၆၆မှ ၂၀၀၆ ခုနှစ်အထိ နှစ် ၄၀ တိတိ မြန်မာစာဌာနတွင် နည်းပြမှ ပါမောက္ခအထိ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီး ၂၀၀၆ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူအကြိုတန်းကို အချိန်ပိုင်းပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်ထားသော “စာပေဖန်တီးမှုနှင့် တည်းဖြတ်မှု ဒီပလိုမာသင်တန်း”၌လည်း ပို့ချနေသည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၌လည်း အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၁၉၆၃ ခုနှစ်မှစ၍ တိုင်းရင်းမေ ဂျာနယ်တွင် တက္ကသိုလ်မခင်သူ အမည်နှင့် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် မမိုးမြေအမည်နှင့် လုံးချင်းဝတ္ထုရှည်များစ၍ ရေးသားခဲ့ရာ ပထမဆုံး လုံးချင်းဝတ္ထုမှာ “မလွမ်းချင်တော့ဘူးကွယ်” ဖြစ်သည်။ ဝတ္ထုရှည် အပုဒ် ၇၀ ကျော်နှင့် ဝတ္ထုတို အပုဒ် ၁၀၀ ကျော် ရေးသားခဲ့သည်။ အငြိမ်းစားယူပြီးနောက် စာပေသဘောတရား စာအုပ်များကို ရေးသားခဲ့သည်။


