mdn

သတင်းဆောင်းပါး - မိုးဆင့်သူ (မြန်မာစာ)

မြကျွန်းညိုဟု   နာမည်ကြီးသော   ရန်ကုန်တက္ကသိုလ်ကြီးကို  ကျွန်မငယ်စဉ်ကတည်းကပင် လွမ်းမောတသခဲ့ရပါသည်ဟုဆိုလျှင် ပိုသည်ဟုသော်လည်းကောင်း၊ မဖြစ်နိုင်တာတွေပါဟု လည်းကောင်း  မှတ်ချက်ပေးကြမည်ဟု ထင်ပါသည်။


ကျွန်မတို့ငယ်စဉ်က    ယခုကလေးငယ် များကဲ့သို့ ပျော်ရွှင်စရာ များများစားစားမရှိ သဖြင့်  မြန်မာ့အသံကိုသာလျှင်  စွဲစွဲမြဲမြဲ နားထောင်ပြီး ပြန်ကြားသမျှ၊ ဖျော်ဖြေသမျှ၊ ပညာပေးသမျှ မလွတ်တမ်း နားဆင်ရမြဲဖြစ် သည်။ နံနက်ချိန်ခါ တေးသံသာမှစတင်ပြီး ညကိုးနာရီထိုးသည်အထိ လာသမျှ အစီအစဉ် ကို  အလွတ်ရနေတတ်သော  ကျွန်မဖြစ်ပါ သည်။ မြန်မာ့အသံမှလွှင့်သော ကိုမြသိန်းနှင့် အဖွဲ့  သီဆိုထားသည့်  “မြကျွန်းညိုညို တက္ကသိုလ်”   သီချင်းကို   အလယ်တန်း ကျောင်းသူဘဝကတည်းက သတိတရရှိခဲ့ရပါ သည်။ ခြေဆင်းကလေးပြီးသည်နှင့် သံပြိုင် သီဆိုသော  အပိုဒ်အကူးအပြောင်းလေးကို ကျွန်မသဘောကျလှပါသည်။   တစ်ခါမှ မရောက်ဖူးသော နေရာတစ်ခုကို ဤသီချင်း တစ်ပုဒ်တည်းနှင့် ကျွန်မ စိတ်ကူးယဉ်တတ်ခဲ့ ရပါသည်။ ရှစ်တန်းပင် မအောင်သေးသော မိန်းကလေးငယ်တစ်ဦး၏ စိတ်တွင် မြကျွန်း ညိုဟူသော   အမည်သည်   ဖျက်မရအောင် စွဲထင်ခဲ့ရပါသည်။


ယခုအရွယ်ရောက်သောအခါ ထိုသီချင်း မှာ မောင်ငွေလှိုင်းခေါ် ဆရာကြီး ဦးသက်လွင် ရေးခဲ့ကြောင်း သိရပါသည်။ ဆရာကြီးသည် ထိုသီချင်းကို     ဒုတိယနှစ်    ဥပစာသိပ္ပံ(ခ) အောင်မြင်ပြီးချိန်တွင် ရေးခဲ့ပြီး တောင်ငူ ဆောင် မြန်မာစာဌာနတွင် မဟာဝိဇ္ဇာတန်း တက်သော  အချိန်ကျမှသာ   ထုတ်လွှင့်ဖြစ်ခဲ့ သည်ဟုဆိုပါသည်။ ထိုအချိန်က   ရန်ကုန် တက္ကသိုလ်    အနုပညာအသင်းအနေဖြင့် တီးဝိုင်းမှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ဆရာ၏ အပေါင်းအသင်းတစ်ဦးဖြစ်သော စန္ဒရား  ဦးလှနီ၏ “ဂီတစာဆိုတူရိယာ” ဝိုင်း နှင့် အသံလွှင့်ခဲ့ရပါသည်။ ၁၉၆၅ ခုနှစ်တွင် ဓာတ်ပြားရသော  သီချင်းဖြစ်၍ ဆုငွေ ကျပ် ၁ဝဝ  ဆရာချီးမြှင့်ခံရသည်ဟု သိရပါသည်။


ကျွန်မစိတ်နှလုံးဝယ် နှစ်သက်စွဲထင်ခဲ့ရ သော ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်သည် ဤ သီချင်းကြောင့် သန္ဓေတည်ခဲ့ရပါသည်။ ယခု စဉ်းစားကြည့်သောအခါ လွှင့်ချိန် ၁၉၆၅ မှ စ၍ ယနေ့   ၂၀၂၀   ထိတိုင်   တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ စိတ်နှလုံးကို ဆွဲကြုံးယူငင်နိုင်၊ ဖမ်းစားနိုင်သော ဤသီချင်း ၏ ခွန်အားကြီးမားပုံကို မြင်လာရပါသည်။ သင်္ကြန်ဆိုလျှင် မန်းတောင်ရိပ်ခိုနှင့်မှ ပြည့်စုံ သကဲ့သို့ ရန်ကုန်တက္ကသိုလ်ဟု ဆိုလိုက်လျှင် လည်း        မြကျွန်းညိုညိုပါမှသာလျှင် ကျောင်းတော်သူ     ကျောင်းတော်သားတို့ ဘဝင်ကျမြဲဖြစ်ခဲ့ရပါသည်။
ဤသီချင်းမှတစ်ဆင့် ရန်ကုန်တက္ကသိုလ် ကြီး၏ သွင်ပြင်၊ ပို့ချမှုများ၊ ကျောင်းတော်သား တို့၏ ခံယူချက်၊ ဂုဏ်သတင်း ကျော်စောမှုများ စသည့်အကြောင်းခြင်းရာများကို     သိရပြီး မရောက်ဖူးသေးသော မြကျွန်းညိုကို စိတ်မှန်း နှင့်   လွမ်းခဲ့ရပါသည်။  ဤကား ဆရာကြီး၏ သီချင်းမှတစ်ဆင့်  မသိဖူး၊  မမြင်ဖူးပါဘဲနှင့် ထပ်ဆင့်လွမ်းခဲ့ရပါသော    အမိတက္ကသိုလ် မြကျွန်းညိုဖြစ်ပါသည်။


စာပေများထဲက တက္ကသိုလ်


မြန်မာစာပေကို    မြတ်နိုးသူဖြစ်သည့် ကျွန်မ   ပထမဆုံး   စတင်လွမ်းမိသည့် တက္ကသိုလ်၏    ပုံရိပ်ကို   ဆရာကြီးဇဝန၏ ကောလိပ်ကျောင်းသားဝတ္ထုတွင် စတင်တွေ့ ခဲ့ရပါသည်။  ကောလိပ်ဂျင်    ကိုသိန်းဖေ၊ ကိုဘဦး၊    ကိုကျော်ဝင်းတို့   တက္ကသိုလ် ကျောင်းသားတစ်သိုက်၏    အဆောင်နေ ကာလများ၊    ရွှတ်ပုံနောက်ပုံ၊   ပျော်ပုံသောပုံ အစုံစုံကို ဖတ်ရသောအခါ ဖတ်နေရင်း ဣန္ဒြေ မရ ရယ်တဟဟ ဖြစ်ခဲ့ရပါသည်။ ကျေပါနော် မအေးစိန်ဆိုသည့်  ကိုသိန်းဖေ၏  အသံကို စိတ်နားဝယ်ကြားယောင်သလိုလို တက္ကသိုလ် ကျောင်းသူ မအေးစိန်၊ မသန်းမြင့်တို့၏ ရုပ်ပုံ ကိုပင်   မြင်လာသလိုလို    ခံစားခဲ့ရပါသည်။ ဤစာအုပ်ကို ကောလိပ်ဂျင်ဟူသော အမည် ဖြင့်   မင်းသားကြီး  နေဝင်း၊  မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်တို့နှင့် ရုပ်ရှင်အဖြစ် ကြည့်ရ သောအခါ ရင်ဝယ်ပို၍ ထင်ရှားခိုင်မာရှိလာရ ပါသည်။ ဤဇာတ်ကားတွင် သရုပ်ဆောင် ကောင်းလွန်းသောကြောင့်  မင်းသားကြီး နေဝင်းကို ကောလိပ်ဂျင်နေဝင်းဟု ကျွန်မတို့ နှောင်းလူများ သိမှတ်ခဲ့ရသည်အထိ ပရိသတ် ရင်ထဲ ရောက်ခဲ့ရသော ဇာတ်ကားဖြစ်ပါသည်။


ဆရာကြီးဇဝန၏           ကောလိပ် ကျောင်းသားဝတ္ထုမှ         ကိုသိန်းဖေတို့ ကျောင်းသား ကျောင်းသူတစ်သိုက်၏ အပျော် အလွမ်း တမ်းတဖွယ်ရာများကို မိမိကိုယ်တွေ့ မဟုတ်ပါဘဲ ကျွန်မမှန်းဆကာ ထပ်ဆင့်၍ လွမ်းမောတသခဲ့ရပါသည်။    တက္ကသိုလ် ကျောင်းဆောင်များကို မြင်တိုင်း သူတို့ အုပ်စု ကို ကျွန်မအမြဲ သတိရမိခဲ့ပါသည်။
အထက်တန်းကျောင်းသူဘဝတွင် ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာနွမ်ဂျာသိုင်း တို့၏ တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုများကို ကျွန်မ စွဲစွဲလမ်းလမ်း  နှစ်သက်ခဲ့ရပါသည်။ ကဗျာများကိုလည်း    ခံစားပြီး   သဘောကျ နှစ်ခြိုက်ခဲ့ရပါသည်။    ရန်ကုန်တက္ကသိုလ် ပရိဝုဏ်သို့   တစ်ခါမှ   မရောက်ဖူးသေးပါဘဲ ထိုပရိဝုဏ်အတွင်းရှိ     အဆောက်အအုံများ အားလုံးကို ရင်းနှီးကျွမ်းဝင်ခဲ့ရပါသည်။ ဆရာ တို့၏ နာမည်ကျော် တက္ကသိုလ်နောက်ခံ ဝတ္ထု များကို ရုပ်ရှင်ပြန်ရိုက်ကြသောအခါ အရုပ် ရော အတွေးပါတွဲ၍ သိသာမြင်သာရှိခဲ့ရပါ သည်။ သဘောကျလွန်း    ရောက်ချင်လွန်း သောကြောင့် ဆယ်တန်းအောင်ရန် အပူ တပြင်း ကြိုးစားခဲ့ပါသည်။  ကလေးဘဝတွင် ရည်ရွယ်ချက်       ကြီးကြီးမားမားမရှိခဲ့ဘဲ တက္ကသိုလ်ရောက်လို၊    ပျော်လိုခြင်းကြောင့် ကြိုးစားခဲ့သည်ကို ဝန်ခံလိုပါသည်။


တက္ကသိုလ်မြေသို့ ပထမဆုံးခြေချခဲ့ခြင်း


ကျွန်မ  ဆယ်တန်းမဖြေခင်ကာလတွင် ကျွန်မအစ်ကိုကြီးက စီးပွားရေးတက္ကသိုလ် ကျောင်းသား ဖြစ်နေပါသည်။ အစ်ကိုကြီးက ကျွန်မ     ဆယ်တန်းအောင်ရေးတွင်  ပို၍ ကြိုးကြိုးစားစား တွန်းအားဖြစ်စေရန်အလို့ငှာ ကျွန်မကိုခေါ်၍ ရန်ကုန်တက္ကသိုလ် ပရိဝုဏ် အတွင်း နေရာစုံ လိုက်ပြခဲ့ပါသည်။


ပထမဆုံး     တက္ကသိုလ်နယ်မြေကို ခြေချခဲ့ရခြင်း  ဖြစ်ပါသည်။  ကိုယ်တရားဝင် ရောက်ခွင့် မရှိသေးသော  နေရာဖြစ်သော ကြောင့်   ရင်ထဲတွင်   တင်းပြည့်ကျပ်ပြည့် မပျော်ရသေးသော်လည်း   မကြာခင်ရောက် အောင်   လာခဲ့မည်ဟူသော    ခွန်အားသတ္တိ ကိုကား ပြည့်ပြည့်ဝဝ ဖြစ်ခဲ့ရခဲ့ပါသည်။ အမိ တက္ကသိုလ်ကြီး၏ ပုံရိပ်များ၊ ကောင်းသတင်း များကို နဖူးတွေ့၊  ဒူးတွေ့ တွေ့လာရချိန်တွင် ကြည်နူးဝမ်းသာဖြစ်ခဲ့ရပါသည်။


ဆရာမင်းလူ၏ စာအုပ်များထဲမှ ရန်ကုန် တက္ကသိုလ်ကျောင်းသားဘဝကို   ကျွန်မ အလွန်သဘောကျမိသည်။ “ယောက်ျားလေး ဆိုရင် ကောင်းမှာပဲ” ဟုလည်းတွေးမိသည်။ ဆရာ   မင်းလူက   အဓိပတိလမ်းပေါ်မှာ ပက်လက်လှန်အိပ်ရင်း ကြယ်တွေကိုမော့ ကြည့်ခဲ့သည် ဟု   ဆိုပါသည်။    ဆရာကဲ့သို့ပင်    ကျွန်မ မော့ကြည့်ချင်မိပါသည်။ အဆောင်များ မှာလည်း    နေချင်လှပါသည်။   မိန်းကလေး တစ်ယောက်အနေဖြင့် မဟုတ်ဘဲ ယောက်ျား လေးတစ်ယောက်အနေဖြင့်    အဆောင်နေ ဘဝကို ရချင်မိပါသည်။ ထိုမျှ ကျွန်မ ရူးသွပ်မိ ပါသည်။


တစ်ဖန်အမိတက္ကသိုလ်၏ ဆယ်ကျော် သက်ကာလအချိန်များကို ဆရာကြီး သိန်းဖေ မြင့်၏ “အရှေ့က နေဝန်းထွက်သည့်ပမာ” စာအုပ်တွင်  တွေ့မြင်ခဲ့ရပါသည်။ ၁၉၃၆-၃၈ ကာလ အမိတက္ကသိုလ်သည်  အမျိုးသားရေးလှုပ်ရှားမှုများနှင့်သာ အကျွမ်းတဝင်ဖြစ်ခဲ့ သည်ကို တွေ့ရပါသည်။ ဆရာမကြီး ဒေါ်ခင် သန်းဦး စာသင်ချိန်တွင် ပြောပြခဲ့သော ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ “ညီမလေးရယ် စိုးရိမ် မိတယ်”ဝတ္ထုမှ ကိုမြင့်သူနှင့် မေရီတို့ကိုလည်း အပြင်လောကတွင် ရှိနေသကဲ့သို့ ရှာဖွေမိပါ သည်။ ဆရာမကြီး၏ သင်ကြားမှုမှ စတင်၍ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုများကို ရှာဖွေဖတ်ရှုရင်း           ရွှေရတုမတိုင်ခင် တက္ကသိုလ်နောက်ခံသမိုင်းကို သိခွင့်လွမ်းခွင့် ရခဲ့ပါသည်။   ဆရာ၏    စာတို့မှတစ်ဆင့် လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေရက်များစွာ ကို ကြည်နူးဖွယ် သိခဲ့လွမ်းခဲ့ရပါသည်။


 ကျွန်မတို့    ဆရာကြီး    ဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)  ၏  စာအုပ်များကို နှစ်နှစ်သက်သက် ဖတ်ရှုလေ့လာရင်း ဆရာ့ စာများမှတစ်ဆင့်  တက္ကသိုလ်ကြီး၏  ဂုဏ် သိက္ခာကြီးမားပုံကိုလည်းကောင်း၊ ဆရာကြီး ဦးဖေမောင်တင်၊   ဆရာဇော်ဂျီ၊   ဆရာမင်း သုဝဏ် စသည့်ဆရာကြီးများ၏ စွမ်းဆောင် ချက်များနှင့်    ဂုဏ်ကျေးဇူးတို့ကို လည်း ကောင်း၊ ကျောင်းတော်သားတို့  တာဝန် ကျေကျေ လက်ဆင့်ကမ်း    တာဝန်ထမ်းကြပုံ များကိုလည်းကောင်း၊ ပျော်ရွှင်ကြည်နူးဖွယ် ရာ ကျောင်းသားဘဝတို့ကိုလည်းကောင်း စုံလင်စွာ သိရှိခွင့်ရခဲ့ပါသည်။
ပဲခူးဆောင်ကို မြင်မိသောအခါ ကျွန်မတို့ အမျိုးသားခေါင်းဆောင်ကြီး      ဗိုလ်ချုပ် အောင်ဆန်းနေခဲ့သော အခန်းကို ကျွန်မတို့ သွားကြည့်ပါသည်။ မှုန်ကုပ်ကုပ် မျက်နှာပေး နှင့်     အခန်းကျဉ်းထဲတွင်    မိန့်ခွန်းများကို အင်္ဂလိပ်လိုရေး၍   နေလေခဲ့မလား၊  ဘာဆို ဘာမှ  မစဉ်းစား  လွတ်လပ်ရေးမှ လွတ်လပ် ရေး အာရုံထားခဲ့သော  သူ့ကို မြင်ယောင်မိပါ သည်။ ကျွန်မငယ်စဉ်က ဖတ်ခဲ့ဖူးသော ဆရာ ကြီး ဒဂုန်တာရာ၏ “အောင်ဆန်း သို့မဟုတ် အရိုင်း” ဟူသော ဆောင်းပါးကိုလည်း သတိရ မိပါသည်။


တေးသီချင်းများနှင့်    ရန်ကုန်တက္ကသိုလ် လွမ်းခြင်း


တေးသီချင်းများကလည်း   ကျွန်မ၏ အလွမ်းများကို   ကူညီအားဖြည့်ပေးကြပါ သည်။  ငယ်စဉ်ကတည်းက   ကြားခဲ့ရသော ဘဘဦးမင်းနောင်၏  “တက္ကသိုလ်ကျောင်းသူ တစ်ဦး” သီချင်းမှ မိန်းကလေး၏ ပုံရိပ်ကို စိတ်ကူးနှင့်  ပုံဖော်ကြည့်ခဲ့ဖူးပါသည်။ ကျွန်မ တက္ကသိုလ်တက်ချိန်တွင်    လိုက်၍လည်း ဝတ်မိသည်အထိ ဖြစ်ခဲ့ပါသည်။ အန်တီချိုပြုံး သီဆိုထားသော  “တက္ကသိုလ်ကျောင်းက ငွေလမင်း”   ကိုလည်း   ဘယ်နေရာ သာနေ သလဲရှာဖွေကြည့်မိပါသည်။   တိုးတိတ်ညင် သာ မကြာခဏ ညည်းဆိုရင်း ခံစားခဲ့ဖူးပါ သည်။     ကျွန်မတို့ခေတ်က   တေးသီချင်း မဟုတ်ပါ။ သို့သော်  အဘယ်ကြောင့် ကျွန်မ ကြိုက်မိပါသနည်း။ ထိုသီချင်းများကို ကျွန်မ ကဲ့သို့     ခေတ်အဆက်ဆက်    တက္ကသိုလ် ကျောင်းသူ  ကျောင်းသားတိုင်း နှစ်သက်ကြရ ပါသနည်း။ တက္ကသိုလ် အရိပ်အမြွက်ပါသော၊ လှပသော သီချင်းတိုင်းသည် ၁၉၂၀ မှသည် ယနေ့ရာပြည့်   ၂၀၂၀   ထိတိုင်အောင် ကျောင်းတော်သူ     ကျောင်းတော်သားတို့   ရင်ကို   လှုပ်ခတ်စွမ်းစေနိုင်သည်မှာ   အမိ တက္ကသိုလ်၏   ကြီးမြတ်လှသော ပုံရိပ်ကြောင့် ပင်ဖြစ်မည်ဟု ကျွန်မဆိုချင်ပါသည်။


အစဉ်မမေ့နိုင်သော အမိတက္ကသိုလ်


ကိုယ်တိုင်ခံစား  လွမ်းရခြင်းများအပေါ် တွင်   အနုပညာရှင်များ၊  ကိုယ့်ထက် အတန်း ကြီးသော အစ်ကိုအစ်မများ၏ အလွမ်းများ၊ သမိုင်းထဲမှ ရရှိသော အလွမ်းများထပ်ဆင့်၍ လွမ်းရခြင်းကို ကျွန်မပို၍ အရသာတွေ့နေမိ ပါသည်။ သူတို့သည် ကျွန်မထက်ပို၍ ရန်ကုန် တက္ကသိုလ်ကြီး၏ တန်ဖိုးကို ပိုသိသည်၊ ပိုမြင် သည်၊ ပို၍ထုတ်ဖော်တတ်သည်ဟု    ကျွန်မ ထင်ပါသည်။  တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားများအားလုံး       အမိ တက္ကသိုလ်၏ ရင်ငွေ့ကို  တစ်ခါမျှ ခိုလှုံဖူးလျှင် ပင် အစဉ်မမေ့နိုင်ကြသည်မှာ အားလုံးအသိ ပင်ဖြစ်ပါသည်။ 


ကျောင်းတော်ကြီး၏ ရင်ခွင်ထဲသို့ ဝင် လိုက်လျှင်ပင်    ဝင်သူတိုင်းကို  နှစ်သက်သော စိတ်ခံစားမှုကို            ပေးစွမ်းနိုင်ပါသည်။ တက္ကသိုလ်မြေသည်                   ကျောင်းသား ကျောင်းသူအားလုံး၏     ဂုဏ်ယူလွမ်းမော တသဖွယ်ရာ    နေရာလည်းဖြစ်ပါသည်။ အသက်မည်မျှပင်     ရှိသော်လည်း  အမိ တက္ကသိုလ်နှင့်   ပတ်သက်သော  ခံစားမှုတိုင်း သည် အစဉ်အမြဲ နုသစ်နေကြောင်း၊ ပြန်လည် တမ်းတ ဂုဏ်ယူကြမြဲဖြစ်ကြောင်း ကျွန်မတို့ အရင်ခေတ်အဆက်ဆက်က     ကျောင်းသူ ကျောင်းသားကြီးများ၏ သံယောဇဉ်များမှ တစ်ဆင့်    မြင်သာနိုင်ပါသည်။  အင်းလျား ကန်စောင်းတွင်လည်းကောင်း၊ ဘွဲ့နှင်းသဘင် တွင်လည်းကောင်း၊   အဓိပတိလမ်းတွင် လည်းကောင်း၊   စာကြည့်တိုက်တွင် လည်း ကောင်း၊ ကံ့ကော်တန်းမှ   ထိုင်ခုံများတွင် လည်းကောင်း၊   စားသောက်ဆိုင်တန်းများ တွင်လည်းကောင်း၊ တက္ကသိုလ် ကျောင်းတော် သူ   ကျောင်းတော်သားတို့၏  စွဲထင်ခဲ့သော အလွမ်းပုံရိပ်များကို မြင်နိုင်ခဲ့ပါသည်။ သူတို့ ခေတ် သူတို့တက္ကသိုလ်၏ အကြောင်းများမှာ ကျွန်မတို့ထံသို့  လက်ဆင့်ကမ်း၊  ကျွန်မတို့မှ တစ်ဆင့်     နောက်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရင်း ကြီးမြတ်ခြင်း၊ ဂုဏ်ယူ ခြင်း၊   လှပခြင်း၊     လွမ်းမောတသခြင်းများကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ရင်း ယနေ့နှစ် တစ်ရာပြည့်တိုင် တက္ကသိုလ်ကျောင်းတော် ကြီး၏ ပုံရိပ်ကို   လှပစွာဖော်နိုင်ခဲ့ပါသည်။


၁၉၂၀    ဒီဇင်ဘာတွင်     စတင်ခဲ့သော ရန်ကုန် တက္ကသိုလ်သည်  ကောင်းခြင်းများနှင့်   အစပြုခဲ့ပါသည်။    သူတစ်ပါး   လက်အောက် တွင် ကျွန်ဘဝနှင့်   အသားကျစပြုနေသော  မြန်မာနိုင်ငံသားတို့အား   တပ်လှန့် နှိုးဆော် သံနှင့်    စတင်ခဲ့ခြင်းဖြစ်ပါသည်။   တက္ကသိုလ် အက်ဥပဒေပြင်ဆင်ခွင့်     ရရှိရေးအတွက် အားကြီးသူ ကိုလိုနီအစိုးရကို  သပိတ်မှောက် တိုက်ပွဲဝင်ခဲ့သော အမျိုးသားတို့၏ အညွန့် ကောလိပ် ကျောင်းသားများသည် မြန်မာနိုင်ငံ သားတို့၏ အမျိုးသားနိုင်ငံရေး   မျက်စိကို  ဖွင့်ပေးခဲ့ပါသည်။ ထိုမှအစပြု၍ လွတ်လပ်ရေး ပန်းတိုင်သို့     အရောက်လှမ်းနိုင်ခဲ့ပါသည်။ တည်ထောင်ခါစ အချိန်ကပင်လျှင် အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲနှင့်   ဆက်နွှယ်ပါဝင် ခဲ့ခြင်းဖြစ်သဖြင့်  သမိုင်းအစဉ်အလာကြီးမား သည့် တက္ကသိုလ်ဟု ဆိုနိုင်ပါသည်။


လွတ်လပ်ရေးသမိုင်း၏ မြစ်ဖျားခံရာနေရာ


တက္ကသိုလ်ကျောင်းသားကြီးများဖြစ်ကြသော  ကိုဘရှင်၊  ကိုညီပိတ်၊    ကိုဖိုးကွန်း၊ ကိုအေး၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦး တို့က အစပြုထွန်းညှိခဲ့သော လွတ်လပ်ရေး မီးရှူးတိုင်ကို ပန်းတိုင်အရောက် လက်ဆင့် ကမ်းပေးပို့ခဲ့သည်မှာလည်း   သခင်ဗဟိန်း၊ သခင်အောင်ဆန်း၊    သခင်နု စသော ရန်ကုန် တက္ကသိုလ်      ကျောင်းတော်သားများပင် ဖြစ်ကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက် လုံး အင်နှင့်အားနှင့် ပါဝင်ခဲ့သော သမိုင်းဖြစ် ရပ်များသည် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း သို့  ဝင်ရောက်လိုက်တိုင်း ရှင်သန်နေမြဲဖြစ်ပါ သည်။


အဋ္ဌမတန်းတွင်  သမိုင်းဘာသာရပ်ကို သင်ရသည်တွင်    ကျွန်မအလွန်သဘောကျခဲ့ သည်မှာ ပထမကျောင်းသားသပိတ်ကြောင့် ဟုဆိုလျှင် မမှားနိုင်ပါ။ အဘယ်ကြောင့်ပါ နည်း။     စဉ်းစားကြည့်ပါ။     တက္ကသိုလ် ကျောင်းသား   ငါးရာကျော်၊  ခြောက်ရာနီးပါး သည်  တစ်စိတ်တစ်ဝမ်း   တက်ညီလက်ညီ စွာဖြင့် မိမိတို့၏   အနာဂတ်များကို  စွန့်၍  နိုင်ငံအတွက် ကျောင်းမှထွက်၍ စွန့်စားခဲ့ကြ ခြင်းကို   ကျွန်မ   အလွန်ချီးကျူးမိရသလို   အံ့ဩခြင်းလည်း  ဖြစ်ခဲ့ရပါသည်။   လွန်စွာ စိတ်ဓာတ်ကြီးမြတ်လှသော    တက္ကသိုလ်  ကျောင်းတော်သားများပါတကားဟု   ကျွန်မ တွေးမိခဲ့ရပါသည်။ သူတို့၏ မြင့်မြတ်သော  လုပ်ဆောင်ချက်ကြောင့်  ရန်ကုန်တက္ကသိုလ် သည်  မြန်မာ့သမိုင်းတွင်   အဓိကနေရာမှ ပါဝင်ရပ်တည်နေခဲ့ခြင်းဖြစ်သည်ဟု  ကျွန်မ ယုံကြည်မိပါသည်။


သားကောင်း၊  သမီးမွန်များ   မွေးထုတ်ပေးရာ မိခင်


ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တည်ရှိ သည့် သမိုင်းဝင်အဆောက်အအုံများအားလုံးသည် သူတို့ပိုင်ဆိုင်၊ ဖြစ်တည်ပါဝင်ခဲ့ကြသော သမိုင်းဖြစ်ရပ်များကို         တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားအဆက် ဆက်တို့အား လက်ဆင့်ကမ်း  ပေးဝေနေသည့် နှယ်ရှိပါသည်။ အစဉ်အလာကြီးမားခဲ့သော အမိတက္ကသိုလ်သည်   သားကောင်း၊  သမီးမွန် တို့ကို ခေတ်အဆက်ဆက် မွေးထုတ်ပေးခဲ့ သည်။   သူ့သားသမီးများသည်    နိုင်ငံကို လွတ်လပ်ရေး     ဆောင်ကြဉ်းပေးခဲ့သည့် ပျော်ရွှင်ဝမ်းမြောက်ခြင်းများ      ပေးခဲ့သည်။ ကမ္ဘာ့အလယ်တွင် တင့်တယ်အောင် ခေါ်ဆောင်သွားနိုင်ခဲ့သည်။  ပညာအရောင်ထွန်းလင်းပြောင်စေခဲ့သည်။       ဘာသာ သာသနာကို  တိုးတက်ထွန်းကားစေခဲ့သည်။ စီးပွားရေးကို  ခိုင်မာစေသည်။ သားကောင်း မိခင်အဖြစ် ဂုဏ်တင့်နိုင်ခဲ့ပါသည်။


ကျွန်မ အလွန်သဘောကျသော စကား တစ်ခုရှိပါသည်။ “ယနေ့ရန်ကုန်တက္ကသိုလ်က စဉ်းစားသည်ကို မနက်ဖြန် မြန်မာနိုင်ငံက စဉ်းစားလိမ့်မည်။ ယနေ့ ရန်ကုန် တက္ကသိုလ် က ပြောကြားသည်ကို မနက်ဖြန် မြန်မာနိုင်ငံ က ပြောကြားလိမ့်မည်” ဟူသော စကားပင် ဖြစ်ပါသည်။ ကျောင်းသားသမဂ္ဂ တည်ထောင် ရေး စကားရည်လုပွဲတွင် ဥပဒေဌာန ကထိက ဦးမေအောင်က ကျောင်းသားများကို အားပေး ပြောကြားသော စကားဖြစ်ပါသည်။ ဆိုလို သည်မှာ       ရန်ကုန်တက္ကသိုလ်ကျောင်းသား များ၏ စဉ်းစားတွေးခေါ်မှုများသည်    နိုင်ငံ အပေါ် လွှမ်းမိုးမှုရှိသည်ဟူသော သဘောပင် ဖြစ်သည်။ မည်မျှ ဂုဏ်ယူစရာကောင်းပါ သနည်း။ ရန်ကုန်တက္ကသိုလ်ကြီးနှင့် ကျောင်း တော်သူ   ကျောင်းတော်သားတို့၏ ဂုဏ်ကို မည်မျှ ပေါ်လွင်စေသနည်း။ ထိုကဲ့သို့ ကောင်း ခြင်းများနှင့်    ပြည့်စုံလှသည့်တက္ကသိုလ်ကို သမိုင်းထဲမှတစ်ဆင့်  ကျွန်မ  အဓိပ္ပာယ်ရှိရှိ ဂုဏ်ယူလွမ်းမောခဲ့ရပါသည်။


အရှေ့တောင်အာရှတွင်     အလှဆုံး တက္ကသိုလ်တစ်ခုအဖြစ်   ရပ်တည်ခဲ့သော ကျွန်မတို့၏ အမိရန်ကုန်တက္ကသိုလ်ကြီးသည် ရာပြည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၁၉၂ဝ မှစ၍ ယနေ့ ၂ဝ၂ဝ ရာပြည့်ကာလ အထိတိုင် နိုင်ငံအကျိုး၊ စာပေအကျိုး၊ ဘာသာ သာသနာအကျိုး သယ်ပိုးလျက်ပင် ရှိပါသည်။


ရာပြည့်တိုင်၍   ကမ္ဘာဝင့်နိုင်သော်လည်း အမိတက္ကသိုလ်သည်ကား         အိုမင်းခြင်း အလျှင်းမရှိ။ နုပျိုခြင်းအတိဖြင့် မျိုးဆက်သစ် များကို ပြုပြင်မွေးထုတ်ပေးရန်   ခွန်အား အပြည့်ဖြင့် ကြိုလင့်နေသည်သာ ဖြစ်ပါသည်။


“အမိတက္ကသိုလ် မြကျွန်းညိုသည် ကမ္ဘာ တည်သရွေ့ တည်တံ့နိုင်ပါစေသတည်း”။      ။
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
---------------------------
 အမည်ရင်း ဒေါ်မိုးမိုးအောင် ဖြစ်သည်။
  မူလတန်း၊ အလယ်တန်းကျောင်းသား ဘဝကို   နန်ပေါင်တွဲဖက်  အလယ် တန်းကျောင်း   မြစ်ကြီးနားမြို့တွင် တက်ရောက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အထက (၂) မြောက်ဥက္ကလာပတွင် အောင်မြင်ခဲ့ သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်     ပညာသင်ခွင့်ရသော်လည်း မြန်မာစာပေကို   ဝါသနာထုံသော ကြောင့် မြန်မာစာကျောင်းသူအဖြစ် ကူးပြောင်းပြီး B.A (Myanmar) ဘွဲ့ကို ရယူခဲ့သည်။ 
  ရန်ကုန်တက္ကသိုလ်   မြန်မာစာဌာနမှ ဘွဲ့လွန်ဒီပလိုမာ   (စာပေဖန်တီးရေး သားမှုနှင့် တည်းဖြတ်မှု အတတ်ပညာ ဘွဲ့လွန်ဒီပလိုမာ) မှ ကျောင်းသူတစ်ဦး ဖြစ်သည်။  ရန်ကုန်တက္ကသိုလ် မြန်မာ စာကျောင်းသားဟောင်းများ  အသင်း ၏          ရာသက်ပန်အသင်းဝင် တစ်ယောက်ဖြစ်ပြီး  စာပေကောင်း ကျိုးများကို ဆောင်ရွက်လျက်ရှိသည်။