မလေးရှားဝန်ကြီးချုပ် ဗြိတိန်သို့ သွားရောက်မည်

၁၇ ဇန်နဝါရီ်

 

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် သည် ဗြိတိန်နိုင်ငံသို့ အလုပ်သဘော သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

 

မလေးရှား ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၁၈ ရက်နေ့ အောက်စဖို့ဒ် တက္ကသိုလ်၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး ယင်းနေ့မှာပင် ဓနသဟာယ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

 

ယင်းသို့တွေ့ဆုံရာတွင် ဓနသဟာရ နိုင်ငံအချင်းချင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အစွန်းရောက်မှုများ ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး စသည့်အချက်များကို ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မလေးရှားဝန်ကြီး၏ အဆိုပါခရီးစဉ်သည် ဗြိတိန်နိုင်ငံနှင့် မလေးရှား နိုင်ငံကြားထူထောင်ထားသည့် ကောင်းမွန်သော ဆက်ဆံရေး ဆက်လက်တည်မြဲနေစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး  နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးချစ်ခင်မှု တိုးမြှင့်ရေး ဖော်ဆောင်ရန် မျှော်လင့်ပါကြောင်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ယခုခရီးစဉ်သည် ပြီးခဲ့သည့်နှစ် မေလက မဟာသီယာ ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်ပြီးနောက် ဗြိတိန်နိုင်ငံသို့ အလုပ်သဘော သွားရောက်ခဲ့သည့် ဒုတိယမြောက်ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို