မိတ္ထီလာ   ၁၈   ဖေဖော်ဝါရီ

 

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မကျီးကန်ကျေးရွာ၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးဆိုင်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မရိုးကျေးရွာအုပ်စု မကျီးကန်ကျေးရွာ ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၀၂/ဝ)ဘေးရှိ ပိုင်ရှင် ဒေါ်ခင်ဝင်းရွှေ၏ ပေ  (၃၀X ၄၀) ရှိ သွပ်မိုး၊ထရံကာ မြေစိုက်ဈေးဆိုင်တွင် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ (သီးကုန်း) အမြန်လမ်း နယ်မြေမီးသတ်စခန်းသို့ တယ်လီဖုန်းဖြင့် သတင်းပေးပို့ခဲ့သည်။

 

8563

 

မီးလောင်မှုဖြစ်ပွားရာသို့ မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၀)ဦး၊ နယ်မြေ(၁) မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ (သီးကုန်း) အမြန်လမ်း နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် တစ်စီး၊ အုပ်ချုပ်မှု ယာဉ် တစ်စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း၊ ၎င်းမီးလောင်မှုကြောင့် ပေ  (၃၀X ၄၀) ရှိ သွပ်မိုး၊ ထရံကာ မြေစိုက်ဈေးဆိုင် မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် တရားခံ(စုံစမ်းဆဲ)အား မလှိုင်မြို့မရဲစခန်းမှ   အမှုဖွင့်ဆောင်ရွက်ထား ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)