မလှိုင်  ၂၂  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာရှိ မြန်မာအစားအစာ စာကလေးခွေမုန့် လုပ်ကိုင်ရောင်းချသူများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း စာကလေးခွေမုန့်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

ပန်းအိုင်ကျေးရွာရှိ စာကလေးမုန့်လုပ်ငန်းကို နှစ်ပေါင်း(၆၀)ကျော် လုပ်ကိုင်လာသော ‘အမေကြင်’ မုန့်လုပ်ငန်းမှ ဒေါ်သန်းသန်းဆင့်က “ဝမ်းစာအတွက် စာကလေးခွေမုန့် လုပ်ငန်းကို လုပ်ကိုင်လာတာ ၆၈ နှစ်ရှိပါပြီ။ မြန်မာရိုးရာ အစားအစာအစားကို စလုပ်ကတည်းက အောင်မြင်အောင်လုပ်ခဲ့ပြီး သန့်သန့်ရှင်းရှင်း လုပ်ခဲ့တာပါ။ စာကလေးမုန့်ကို ကုလားပဲမှုန့် သန့်သန့်ဖြင့်လုပ်တဲ့ မုန့်အပြင် ဆန်နဲ့ရောနှောလုပ်တာဆိုပြီး နှစ်မျိုးရှိတယ်” ဟု ပြောသည်။

 

received_82

 

မုန့်လုပ်ငန်း အရောင်းအဝယ်နှင့် ပတ်သတ်ပြီး “စာကလေးခွေမုန့်လုပ်ငန်းမှာ မိသားစု စာဝတ်နေရေးအတွက် အဆင်ပြေသည့် လုပ်ငန်းဖြစ်ပြီး မိမိတို့မှာ ယခင်အစဉ်အဆက်ကတည်းက လုပ်ကိုင်လာကြပြီး ယခုဆိုလျှင် တစ်ရွာလုံးနီးပါး လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း၊ လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း(၆၈)နှစ်တိုင် ကြာခဲ့ပြီး ယနေ့ထက်တိုင် စာကလေးခွေမုန့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကာ တစ်ရက်လျင် ပိဿအချိန် ၅၀  ကျော် ကြော်နေရပြီး အရောင်းအဝယ်ကောင်းကြောင်း” ဒေါ်သန်းသန်းဆင့်မှ ဆက်လက်ရှင်းပြသည်။

 

စာကလေးခွေမုန့်ကို တစ်ပိဿာလျှင် ၁၉၀ဝ ကျပ်ဝန်းကျင် ကျသင့်ကာ ၂၅၀ဝ ကျပ်ခန့် ရောင်းချရပြီး အော်ဒါများကို မြင်းခြံ၊ ရုံးစည်ကြီး၊ တောင်သာ၊ ပြင်ဦးလွင်မြို့များသို့ အဓိကထားရောင်းချနေရသည်။ အော်ဒါမှာယူသူများအား ၂၄၀ဝ ကျပ်ခန့်ဖြင့် ပေးရကြောင်း ပန်းအိုင်ကျေးရွာရှိ "ရှယ်လေး"စာကလေးခွေ မုန့်လုပ်ငန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

 

အဆိုပါ စာကလေးခွေမုန့်လုပ်ငန်းကို  ပန်းအိုင်ကျေးရွာတွင် တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြပြီး အရောင်းအဝယ်ကောင်းမွန်ကာ စာကလေးခွေမုန့်နှင့်အတူ ကုလားပဲမှုန့်ကို ထန်းလျက်ရည်နှင့် ရောလုပ်ရသော မုန့်ချောင်းကိုလည်း တွဲပြီးလုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)

 

received_336