မလှိုင် ၁၉ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာအုပ်စု ရေရင်ကျေးရွာရှိ မြန်မာ့လက်မှုပညာ ဖျာလုပ်ငန်းများမှ ဖျာလုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေနည်းပါးခြင်း အရောင်းအဝယ် မကောင်းခြင်းတို့ကြောင့် ဖျာရက်လုပ်ငန်းများ ပျောက်ကွယ်သွားမှာ စိုးရိမ်ကြောင်း ဖျာရက်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

"ယခင်က ဖျာရက်လုပ်ငန်းကို ကျွန်တော်တို့ တစ်ရွာလုံးနီပါး လုပ်ကိုင်ခဲ့တာပါ။ ဖျာရက်ပညာတတ်ဖို့ ခြောက်လ တစ်နှစ်သင်ယူရပြီး အခုကျ ဖျာရက်လုပ်တဲ့သူတွေက တစ်ရက်မှာ ဖျာနှစ်ချပ် လောက်သာပြီးတဲ့အတွက် ဝင်ငွေနည်းပါတဲ့အတွက် အခြားမြို့တွေထွက်ပြီး လုပ်ကိုင်လာတာတွေကြောင့် ဖျာရက်လုပ်ငန်း လုပ်ကိုင်သူနည်းပါး လာတယ်လေ။ လူငယ်တွေလည်း အချိန်ပေးသင်ယူရတဲ့ ဖျာရက်လုပ်ငန်းထက် အလွယ်ငွေဝင်တဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားလာကြတာကြောင့် ဖျာရက်လုပ်ငန်း လုပ်ကိုင်မှုနည်းပါးလာတယ်"ဟု ရေရင်ကျေးရွာနေ ဦးမြသန်းက ပြောသည်။

 

ရေရင်ကျေးရွာတွင် ယခင်က တစ်ရွာလုံးနီးပါး ဖျာရက်လုပ်ကိုင်ခဲ့သောလည်း ခုချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်သူနည်းလာသဖြင့် ဖျာရက်လုပ်ငန်းများ မပျောက်စေရန် နည်းပညာအကူအညီများ လိုအပ်နေကြောင်း၊ ဖျာတစ်ချပ်လျှင် လုပ်အားခအနည်းငယ်သာရသော်လည်း ရွာတွင်သာ ဖျာရက်လုပ်ငန်းကို လုပ်ကိုင်နေရပြီး တစ်ရက်လျှင် ဖျာနှစ်ချပ်မျှသာပြီးကြောင်း သိရသည်။ 

 

1

 

ဖျာတစ်ချပ်ဖြစ်ရန် ဝါးများကို အခြားမြို့မှ မှာယူရပြီး နှီးဖြာယူရာတွင် ဝါးတစ်ခြမ်း၌ နှီးရှစ်ပြားခန့် ရရှိကာ ဖျာတစ်ချပ်လျင် ဝါးခြမ်း ၅၀ အထက်အသုံးပြုရကြောင်း ဖျာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ဖျာကြမ်းတစ်ချပ်လျှင် ငွေကျပ် ၂၅၀ဝ ကျပ်နှင့် ဖျာချောတစ်ချပ်လျင် ငွေကျပ် ၈၀ဝ၀ ကျပ်ရောင်းချနေရကြောင်း သိရသည်။

 

မလှိုင်မြို့နယ် ရေရင်ကျေးရွာတွင် အိမ်ထောင်စု  ၁၀ဝ ဝန်းကျင် လူဦးရေ ၄၀ဝ နီးပါးရှိပြီး တောင်သူလုပ်ငန်း အဓိကထား လုပ်ကိုင်သော်လည်း မြန်မာ့နှီးဖျာယက်လုပ်ငန်းနှင့် တံမြတ်စည်းလုပ်ငန်းများမှာ ရွာ၏ အဓိက စီးပွားရေး လုပ်ငန်းများတွင် ပါဝင်နေကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)

 

1