မြန်အောင် ၆  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မဟာဓမ္မိကာရာမ ကျောင်းတိုက်ဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် မြန်အောင် ဘိုးဘွားရိပ်သာဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာဝန်းအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။

 

အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊  မြန်မာနိုင်ငံဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်နှင့် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ နှင့်တာဝန်ရှိသူများက  ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဦးစီးပဓါနဆရာတော် ဃဘာဏက ဒီဃနိကာယကောဝိဒ သာသနဓဇသီရိပဝရဓမ္မာစရိယ၊ မြန်အောင်မြို့၊ ကြာနီကန်ကျောင်းတိုက်၊ ပဓါနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ ထံမှသြဝါဒ ကထာနာယူပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ တို့က အသီးသီးအမှာစကား ပြောကြားသည်။

 

ယင်းနောက် ဘိုးဘွားရိပ်သာစောင့်ရှောက်ရေး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အထိမ်းအမှတ်အလံအား ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က  အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

ထို့နောက်မြန်အောင်မြို့ရှိ ဘုံသာဘွဲ့ရ ရွှေဘုံသာစေတီတော်အား ထီးတော်အသစ် တင်လှူပူဇော်ခြင်း အထိမ်းအမှတ်အောင်ပွဲအဖြစ် ဒေသခံပြည်သူ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် အပါး (၈၀ဝ) ကျော်တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်သည့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားအား မြန်အောင် ဘုံသာဘွဲ့ရ ရွှေဘုံသာစေတီတော်ဝင်းအတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်တို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အလှူရှင်များသည် ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် အပါး (၈၀ဝ) ကျော်တို့အား သပိတ်ဆွမ်းများ ဆပ်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရဟန်းခံရှင်ပြု ပဓါနအလှူရှင် ဦးဇေသီဟနှင့် ဇနီး ဒေါ်နန္ဒာလှိုင် (မိသားစု) မှ ဆွမ်းစာရိတ် အလှူငွေကျပ်သိန်း (၃၀ဝ) အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ လက်ခံရယူပြီး ကျိုက်ထီးဆောင်းမှဆရာတော်များထံ ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

 

(မင်းမင်း)