စစ်တွေ ၁၉ ဧပြီ
၂၀၁၀ ပြည့်နှစ်မတိုင်မီက ပြည်ထောင်စုဘတ်ဂျက်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း စီမံချက်ကို ပြန်လည်အကောင်အထည်ဖော်ရန်အတွက် ဘက်စုံလေ့လာမှုများ ပြုလုပ်ပြီးမှသာ ပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။
“ပြည်ထောင်စုမှာတော့ ပြည်မနဲ့ရခိုင်ပြည်နယ်ကို မီးရထားနဲ့ ဆက်သွယ်ဖို့ Plan ရှိတယ်၊ ပြည်မဘက်မှာတော့ မင်းဘူး-အမ်း တောင်ကြိုတောင်ကြားလေးတွေကို ၂၀၁၀ ပတ်ဝန်းကျင်လောက်ကတော့ လမ်းအူကြောင်း ရှာဖွေထားပြီးပါပြီ။ ရခိုင်ပြည်နယ် ဘက်မှာတော့ ရခိုင်ပြည်သူတွေ သွားလာဖို့ လွယ်ကူအောင်ဆိုပြီးတော့ ရထားလမ်း ဖောက်ခဲ့တယ်။ ဒါပေမယ့် အရင်တုန်းကတော့ သဘာဝပတ်ဝန်းကျင်နဲ့၊ ရှေးဟောင်း အမွေအနှစ်တွေကို သိပ်ပြီးတော့ စူးစမ်းလေ့လာမှုမရှိဘဲနဲ့ မြောက်ဦးမှာ ဖောက်ခဲ့တဲ့အတွက်ကြောင့် ကျောက်တော်နဲ့ မြောက်ဦးနယ်မြေကို ရောက်တဲ့အခါကျတော့ ရှေးဟောင်းအမွေအနှစ်ဇုန်ကို ဖြတ်သွားရမယ်ဆိုတော့ ဒေသခံတွေက သိပ်သဘောမတွေ့ဘူး။ သဘောမတွေ့တော့ လောလောဆယ် အဲ့ဒီဘက်ပိုင်းကို ရပ်ထားတယ်။ ရပ်ထားတော့ လက်ရှိ ကျောက်တော်လောက်အထိပဲ။ ကျောက်တော်ကနေ ပုဏ္ဏားကျွန်းအထိပဲ ပြေးဆွဲခဲ့တယ်။ စစ်တွေမှာ ကလည်းပဲ ဒီဘက်ကနေ ကွမ်းတောင်အထိပဲ ပြေးဆွဲတယ်။ ဟိုတုန်းကတော့ တစ်ဆက်တည်း ပြေးဆွဲ လို့ရပေမယ့် ၂၀၁၂ ခုနှစ်မှာ အရေးအခင်း တွေပေါ်လာတော့ လူတွေက ရထားစီးရမှာ ကြောက်ကြောက် လန့်လန့်ဖြစ်လာပြီး ရထားသိပ်မစီး ကြတော့ဘူး။ ဒါပေမယ့် အခု တဖြည်းဖြည်းနဲ့ကတော့ ရထားစီးလာကြပါပြီ။ အလုအယက်စီးတာတော့ မဟုတ်ဘူး။ ကျေးလက်ဒေသခံတွေပဲ စီးကြတာ။ မြန်မာ့မီးရထား အနေနဲ့ကတော့ လောလောဆယ် သွားလာရေးလုပ်ငန်းတစ်ခု အဆင်ပြေအောင် ဆွဲပေးနေတာ၊ အရှုံးတော့ရှိတယ်။
ရခိုင်ပြည်နယ်မှာ ရထားလမ်းဆိုတဲ့ အနှစ်သာရမပျောက်အောင် ဒီရထားလမ်းကတော့ လက်ရှိအနေအထားမှာ ပြေးလို့ရတဲ့အပိုင်းကို ပြေးနေတယ်။ ဒါပေမယ့် ကျောက်တော်ကနေပြီးတော့ မြောက်ဦးအထိ အပိုင်းကိုကတော့ ရှေးဟောင်းဇုန်ထဲ ဖြတ်သွားရတာ ဖြစ်တဲ့အတွက်ကြောင့် လမ်းကြောင်း အသစ်တွေ ရှာရမှာပဲ၊ အဲဒီလမ်းကြောင်းကို မသုံးတော့ဘူး။ အစိုးရကတော့ မလျော်နိုင်ဘူး။ အကုန်လုံး လယ်သမားတွေကို ပြန်ပေးတဲ့အခါမှာ မူရင်းလယ်ပုံစံ မပျက်အောင် ဘူဒိုဇာတွေနဲ့ထိုး မြေညှိပြီးတော့ ပြန်ပေးဖို့အတွက်လည်း လုပ်နေတယ်။ ရထားသံလမ်းဖြုတ်ပြီး ပြန်ပို့တယ်။ ကျောက်တွေကို သိမ်းတယ်။ မြေသားတွေပဲ ကျန်တယ်။ ချိုင့်ခွက်တွေကို ပြန်ဖို့ပေးတယ်။ လယ်ကန်သင်းတွေ ပြန်လုပ်ပေးတယ်။ ဒီစီမံချက်က ပြည်ထောင်စုအဆင့်က ပြည်ထောင်စုရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပြည်နယ်အစိုးရက လမ်းကြောင်းရှာတဲ့ အခါမှာ ကူညီတာက လွဲပြီးတော့ ကျန်တဲ့အပိုင်းတွေမှာ ကျွမ်းကျင်မှုတွေပါမယ်။ ပြည်ထောင်စုကနေ သုံးစွဲရမယ့် ဘတ်ဂျက်တွေ ပါတဲ့အတွက်ကြောင့် ပြည်ထောင်စုကပဲ ဆောင်ရွက်နေတာများတယ်။ ရထားလမ်းက ရခိုင်ရိုးမတစ်ခုလုံးကို ဖောက်ထွက်ပြီး တော့သွားရမှာဆိုတော့ နည်းပညာ၊ ငွေရေးကြေးရေးက အများအပြား လိုတယ်။ Plan အဆင့် လောက်မှာပဲရှိပါတယ်။ ကျွန်တော်တို့နယ်မြေမှာ ရှေးဟောင်း နယ်မြေလို့ သတ်မှတ်ထားတဲ့နယ်မြေတစ်ခုက ဖြတ်မယ်/လုပ်ငန်းတွေလုပ်မယ်ဆိုရင် ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်ကိုတော့ ယူရပါတယ်။ သူ့ရဲ့သတ်မှတ်ထားတဲ့ နယ်မြေကိုတော့ ကွေ့ကွင်းပြီးဖောက်ရမှာပါ။ ချောင်းတွေ၊ မြစ်တွေ၊ နေရာသစ်တွေ အခက်အခဲတွေ အများအပြား ကျော်လွှားပြီးလုပ်ရမှာပါ။ လမ်းကြောင်းသစ် ရှာပြီးဖောက်ဖို့က ပိုက်ဆံကို လုံလုံလောက်လောက်သုံးပြီးလုပ်ရရင် ဖြစ်နိုင်ပါတယ်။
တခြားနိုင်ငံတွေမှာဆို ရခိုင်ရိုးမလောက်ဆို ဥမင်လိုဏ်ခေါင်းတောင်ဖောက်ပြီး လုပ်နေကြတာ။ ရထားလမ်းတစ်ခုတော့ ပေါက်စေချင်တာပေါ့ဗျာ။ လေ့လာရေးတွေ အများကြီးလုပ်ရဦးမယ်။ သုတေသနလေ့လာရေးဆိုတဲ့နေရာမှာ ဘတ်ဂျက်နဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဖြစ်မြောက်နိုင်မှု လေ့လာရေး၊ သဘာဝပတ်ဝန်းကျင် အနေအထားနဲ့ EIA/SIA ခွင့်ပြု/မပြုဆိုတာ လေ့လာရမယ်။ ရှေးဟောင်းနယ်မြေမပျက်စီးအောင် ဘယ်လိုရှောင်ကွင်းပြီး ဖောက်ရမလဲဆိုတာ လေ့လာရမှာပါ။ နောက်တစ်ခုက စီးပွားရေး တွက်ခြေကိုက်မှု၊ စီးပွားရေးပြန်ဖွံ့ဖြိုးမှု၊ ဒါတွေကို ဘက်စုံကနေ လေ့လာရမှာပါ။ လေ့လာမှုတွေအကုန်လုံး ပြီးစီးမှသာ လုပ်ငန်းပြန်ဆောင်ရွက်ရမှာပါ”ဟု ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ တိုင်းခွဲ-စစ်တွေ၏ နယ်နိမိတ်နှင့် ခရီးမိုင်များမှာ စစ်တွေမှ ကျောက်တော် (၅၄ ဒသမ ဝ၈)မိုင်ရှည်လျားပြီး၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်း (၁၁ ဒသမ ၄၆)မိုင်နှင့် ကွမ်းတောင်-ကျောက်တော် လမ်းပိုင်းတွင် (၄၂ ဒသမ ၆၂)မိုင် လမ်းပိုင်းနှစ်ပိုင်း ရှိသည်။
ယင်းဘူတာ(၁၁)ခုတွင် (ပြည်တော်သာ-စစ်တွေ-ဇောပူဂျာ-ရေချမ်းပြင်)နှင့် (ရေချမ်းပြင်-ကွမ်းတောင်-ပုဏ္ဏားကျွန်း-အောင်ဖြူပြင်-ယိုးတရုတ်-ဂဏာန်းတောင်-အပေါက်ဝ-ကျောက်တော်လမ်းပိုင်း) နှစ်ပိုင်းရှိသည့်အနက် စစ်တွေမြို့နယ် ပြည်တော်သာ-ရေချမ်းပြင် (၁၁ မိုင် ၄၆ ဖာလုံလမ်းပိုင်း)ကိုသာ တစ်ဘူတာလျှင် ရထား လက်မှတ်ခ ၅၀ ကျပ်ဖြင့်သာ ပြေးဆွဲပေးလျက်ရှိသည်။ ဆရာ/ဆရာမ ကျောင်း သား၊ကျောင်း သူ များအတွက် လပေးဖြင့် တစ်ဘူတာအတွက် ၁၁၅၀ ကျပ် နှစ်ဘူတာအတွက် ၂၂၅၀ ကျပ်သုံးဘူတာအတွက် ၃၃၅၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
“စစ်တွေ-ကျောက်တော်-မြောက်ဦး-အမ်း-မင်းဘူး ဆိုပြီးတော့ အစီအစဉ်ရှိပါတယ်။ မင်းဘူးအထိ ပေါက်သွားရင်တော့ အကောင်းဆုံးပါ။ လောလောဆယ်တော့ ပြည်တော်သာကနေ ရေချမ်းစင်အထိပဲ ပြေးနေတယ်။ ကွမ်းတောင်-ကျောက်တော် လမ်းပိုင်းကလည်း ပိတ်ထားတယ်။ ပြည်မနဲ့တစ်ဆက်တည်းဖြစ်သွားရင်တော့ ရထားပို့ဆောင်ရေးတွေလည်း ကောင်းလာမယ်။ သယ်ယူပို့ဆောင်ရေးမှာ ရထားကတော့ အကောင်းဆုံးပါ။ ဒီမှာက ပင်လယ်ဆိပ်ကမ်းမြို့တွေနဲ့လည်းနီးတယ်။ နိုင်ငံတကာက ဧည့်သည်တွေလာရင် ဂုတ်ထိတ်တံတား၊ ပုဂံနဲ့အင်းလေးပဲရိုးနေပြီ။ ဒီမှာ ရထားနဲ့ပါသွားဖို့ အခြေအနေရရင် ခရီးသွားလုပ်ငန်းပိုကောင်းလာမယ်” ဟု မြန်မာ့ မီးရထား တိုင်းခွဲ-စစ်တွေ တိုင်းမန်နေဂျာ ဦးညီညီလွင်က ပြောသည်။
ကိုမာန်မုန်တိုင်းနှင့် မိုရာမုန်တိုင်းကျသည့်ရက်များအပါအဝင် ပဋိပက္ခများ၊ လမ်းတံတားအခြေအနေများကြောင့်လည်း ကြားဘူတာများ မကြာခဏ ပိတ်ခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ မတ် ၁၄ ရက်တွင် နယ်မြေအခြေအနေအရ ကွမ်းတောင်-ကျောက်တော် လမ်းပိုင်းကို ပိတ်ခဲ့ရသည်။
သန့်ဇင်ဝင်း


