မင်းဘူး(စကု)မြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ရေဘေးခိုလှုံရန် အဆောက်အဦ တစ်လုံးဆောက်လုပ်ပေးမည်

နေပြည်တော်   ၂၇    မေ  

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ရေဘေးခိုလှုံရန် အဆောက်အဦ တစ်လုံးကို မြေနေရာရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌထံ တင်ပြတောင်းခံပြီး ခွင့်ပြုရန်ပုံငွေရရှိချိန်တွင် ဆောက်လုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်  မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက မင်းဘူး(စကု) မြို့နယ်ရှိ ဧရာဝတီမြစ် ရေနစ်ခြင်းကြောင့် မြစ်ရေကြီးချိန်တွင် နေထိုင်ရေး အခက်အခဲတွေ့နေသော ဒေသခံပြည်သူများ အခက်အခဲဖြေလျော့နိုင်ရေးအတွက် ရေဘေးရှောင်အဆောက်အဦ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဤသို့ဖြေကြားခဲ့သည်။

 

“ဒီနေ့မှာတော့ ကိုယ့်မဲဆန္ဒနယ်ဘက်မှာ ရေနစ်မြုပ်မှုခံစားနေရတဲ့ ကျွန်းရွာတွေ အတွက် ဧရာဝတီမြစ် ရေကြီးတဲ့အခါ ရေဘေးရှောင်ပြည်သူတွေ အဆင်ပြေဖို့အတွက် ရေဘေးရှောင် အဆောက်အအုံဆောက် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း မကြာခင်ပြီးအောင် ဆောက်လုပ်ပေးမယ်လို့ အဖြေရပါတယ်။ နှစ်စဉ်ရေနစ်တဲ့အလေ့အထ ရှိတယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်သူကမှ ဂရုမစိုက်ဘူးလို့ ဒေသခံတွေကပြောတယ်။ ဒီတိုင်းပဲ ဖြစ်သလို လမ်းဘေးမှာတဲထိုးနေတယ်၊ ဆွေမျိုးတွေဆီမှာသွားနေတဲ့အခါ ကြာလာတော့ အဆင်မပြေမှုတွေဖြစ်လာတယ်။ လူတွေတင်မဟုတ်ဘဲ သူတို့မွေးထားတဲ့ တိရစ္ဆာန်တွေရောပါ ဒုက္ခရောက်တာဖြစ်တဲ့အတွက် အခြားသူတွေဆီ မှာအဆင်မပြေ တာကြောင့်  ဒေသခံတွေရဲ့ လိုအပ်ချက်ကို တောင်းပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ရက်မှာ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး မြေနေရာရှာပေးထားပါတယ်၊ လူတွေအပြင် ကျွဲနွားတိရစ္ဆာန် တွေပါ ထားလို့အဆင်ပြေမယ့်နေရာကို ရှာပေးထားပါတယ်။ အဆင်ပြေမှာပါ’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းကပြောသည်။

 

မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ရွာသာရွာအနိမ့်ပိုင်း၊ သနပ္ပင်စု၊ ကျောင်းကုန်း၊ ငွေသောင်၊ ပေါက်ငူ၊ ပေါက်လေးပင်၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ မန်းကျိုး၊ ထုံးမကြီး၊ ရွာသစ် ကုန်း၊ ဆည်ရွာစသည့် ကျေးရွာများတွင် နှစ်စဉ် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် နေထိုင်စရာအခက်အခဲများ ကြုံတွေ့နေရကြောင်း၊ နှစ်စဉ်နှစ်တိုင်းရေကြီးချိန်တွင် ရေဘေးလွတ်ရာ ဆွေမျိုးများနေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဇရပ်များတွင် သွားရောက်နေထိုင်ရသည့် ရေရှည်အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သော ဒေသတွင် တည်ရှိခြင်း၊ မိုးရာသီကာလအတွင်း ပုံမှန်ဧရာဝတီမြစ်ရေ ကြီးမြင့်မှုနှင့် ရံဖန်ရံခါ လျှပ်တစ်ပြက်ရေကြီးမှုများ ကြုံတွေ့ရသည့် ဒေသဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လိုအပ်ပါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တစ်ဆင့် အကူအညီတောင်းခံလာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အစိုးရ အဖွဲ့များနှင့်ညှိနှိုင်း၍ ဘေးကျရောက်နိုင်ခြေရှိသော ဒေသများတွင် မိုးမကျမီကြိုတင်ကာကွယ်ရေးအစီအမံများ ကို နှစ်စဉ်ဆောင်ရွက်ပေးနေကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ပထဝီအနေအထားအရ ပင်လယ်နှင့် ဝေးကွာပြီး တခြားသော ဒေသများနှင့် နှိုင်းယှဉ်ပါက ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို ကြုံတွေ့ခံစားရမှုနည်းပါး သော်လည်း မင်းဘူး(စကု)မြို့နယ်သည် နှစ်စဉ်ရေကြီးမှုဒဏ်ကိုခံစားနေရသည့် အတွက် မြစ်ရေကြီးချိန်တွင် ပြည်သူများအတွက် အခက်အခဲကို လျှော့ချနိုင်မည်ဟု ယုံကြည်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖြေကြားခဲ့သည်။

 

သတင်း - ဇင်ဦး၊ နေဝင်းထွန်း(မြန်မာ့အလင်း)

 

ဓာတ်ပုံ - သီဟစည်သူ

 

DSC_78