မင်းဘူး ၁၀ ဧပြီ     

 

   
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် ပဉ္စမအကြိမ်မြောက် ပါဠိပထမပြန်စာအောင် သံဃာတော်တို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲဘုရား ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 


ရှေးဦးစွာ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူများက မင်းဘူးမြို့၊ မဟာဝိသုတာရာမ တိုက်သစ်ပဓာန နာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ဖတ်သည့် ပရိတ်တရားတော်များကို နာယူကာ ပင့်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

 

aa

 

ထို့နောက် ၂၀၁၈ ခုနှစ် အစိုးရဓမ္မာစရိယတန်း အောင်မြင်တော်မူသော စာအောင်သံဃာ (၁) ပါးနှင့် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူကြသော သံဃာတော် (၂၁) ပါးတို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများမှ အောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ၎င်းနောက် မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနယက မင်းဘူးမြို့နယ် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာသနထံမှ အနုမောဓနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

 


အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အသီးသီးတက်ရောက်ကြကြောင်း သိရသည်။

 


ကျော်စိုးဝင်း(မင်းဘူး)

 

ee