မင်းဘူး အောက်တိုဘာ ၂

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ လုပ်ငန်းခွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မင်းဘူးမြို့ ရွှေတပင် ရပ်ကွက်ရှိ ကာရာအိုကေဆိုင်များ၌ ကွင်းဆင်းစစ်ဆေးသည်။

 

ဆွေးနွေးမှာကြား

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အင်ဂျင်နီယာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များက မင်းဘူးမြို့ ရွှေတပင်ရပ်ကွက်ရှိ ကာရာအိုကေဆိုင်များ၌ ဆိုင်လုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အထူးအလေးထား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေး လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လုပ်ငန်းခွင်၊ ဆိုင်ခန်းများနှင့် လူနေဆောင်များ၌ မီးသတ်ဆေးဘူးများ အရန်သင့်ချိတ်ဆွဲ ထားရှိရေး၊ စသည့်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)