မင်းဘူး ၈  ဧပြီ 

 

မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင် မင်းဘူးမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် နွေရာသီကာလသောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး အတွက် စက်ရေတွင်းတူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်ပေးလျှက်ရှိကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

 

အဆိုပါ ကျေးရွာသုံးရွာမှာ မကျီးပင်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ရေငံကျေးရွာ တို့ဖြစ်ပြီး  လေးလက်မ စက်ရေတွင်း သုံးတွင်း၊ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင်သုံးခု၊ ရေစက်ရုံသုံးခု တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မူလခွင့် ပြုရန်ပုံငွေ  ၄၂ ဒဿမ ၇၀၅ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့က  မင်းဘူးခရိုင်ကျေလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်မြသက်ထွေး(လက်ထောက်ညွှန်ကြားရေးမှူး)၊    မင်းဘူးမြို့နယ် ကျေးလက်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့်ဝန်ထမ်းများ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 

ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်ဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားကြ ရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ စက်ရေတွင်း သုံးတွင်း အောင်မြင်စွာတူးဖော်ပြီးစီးနေပြီး ရေဂါလန် ၁၅၀ဝ ထွက်ရှိခြင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင်များမှာလည်း ၈၀ရာခိ်ုင်နှုန်းအထိပြီးစီးနေပြီ ဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း ကပြောပြ၍ သိရသည်။

 

ယခုတူးဖော်ဆောင်ရွက်နေသည့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပြီးစီးသွားပါက ကျေးရွာသုံးရွာရှိ အိမ်ခြေ ၃၂၉ အိမ်မှ လူဦးရေ ၁၄၆၀ ဦးတို့မှာ သောက်သုံးရေဖူလုံစွာ ရရှိလာတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြသည်။

 

ငြိမ်းသူ(စလင်း)