မင်းဘူးမြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းဖွင့်လှစ်

မင်းဘူး မတ် ၂၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းဖွင့်လှစ်ခြင်းကို မတ် ၂၅ ရက် နံနက် ၁၁ နာရီခွဲက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ လမ်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်းသာ-တောင်မန်း ကတ္တရာလမ်း (၁/၅.၅) မိုင်ခင်းခြင်းနှင့် အမာခံ လမ်းပခုံးခင်းခြင်း လုပ်ငန်းများအား  ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးသင်းမင်းလတ်က လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

 

ယင်းကျေးရွာ ကုန်ထုတ်လမ်းမှာ အလျား ၁/၅ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မဖြင့် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ ခုနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ၉၉၇ ဒသမ ၅၇၅ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီ Union Seven က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က တာဝန်ယူဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးခဲ့သည်။ အဆိုပါ ကုန်းသာ-တောင်မန်း ကတ္တရာ ကုန်ထုတ်လမ်းသည် ကျေးရွာရှိ အိမ်ခြေ ၄၈၁ အိမ်၊ အိမ်ထောင်စု ၄၉၈ စု၊ လူဦးရေ ၂၃၆၆ ဦးအတွက် အကျိုးပြုမည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)