မင်းဘူး ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ လျှပ်စစ်ဝိုင်ယာကြိုးရှော့ဖြစ်ရာမှ အထည်ဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင်တွင် ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာဈေးလမ်းရှိ ကိုမိုး(ခ)ကိုအောင်မိုး (၅၇)နှစ်၊ ဈေးရောင်း၊ အမှတ်(၃)ရပ်ကွက်၊ မင်းဘူးမြို့ ပိုင်ဆိုင်သည့် (၄၀x၃၀)အာစီ (၂)ထပ်တိုက်သည် လျှပ်စစ်ဝိုင်ယာကြိုးရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ၎င်းတိုက်အိမ်မှတစ်ဆင့် ယာဘက်ကပ်လျက်ရှိ (၄၀x၆၀)အာစီ (၁)ထပ်တိုက် သွပ်မိုးအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မင်းဘူးခရိုင် ဒုရဲမှူးကြီး ညီဝင်း၊ ရဲမှူးအောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်(၃၀)ဦး၊ မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ တိုင်းညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်နှင့် တပ်ဖွဲ့ဝင်(၃၀)ဉီး၊ မီးသတ်ရေယာဉ် (၅)စီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် တပ်ဖွဲ့ဝင် (၂၀) ဦး၊ မီးသတ်ရေယာဉ် (၆) စီး၊ ထောက်ရှာပင် (ကမ်းနီ)/ မန်းရေနံမြေမှ မီးသတ်ရေယာဉ် (၄)စီးဖြင့် လည်းကောင်း၊ ရပ်ကွက်နေပြည်သူ လူထု (၂၀ဝ)ဦးခန့်တို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


