မြင်းစီးရင်း ပုဂံမြေတစ်ခွင် လည်ကြမယ်

 

ယဉ်လာဒ်

 

ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ရှေးဟောင်းမြို့တော်

 

ဘယ်အချိန် ဘယ်အခါမှာပဲ ကြည့်ကြည့် မြေသင်းရနံ့တွေ ထုံမွှမ်းနေတဲ့ ပုဂံမြေဟာ ယနေ့အချိန်ထိ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားခြင်း ကိုခံရတဲ့ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါတယ်။ စေတီပေါင်း ၃၈၀၀ ကျော်ရှိပြီး ရှေးဟောင်းလက်ရာ စေတီပုထိုးများ တစ်စုတစ်ဝေးတည်း ရှိနေခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင် နိုင်တဲ့နေရာအဖြစ် ယနေ့ထိတိုင် ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်လည်းဖြစ်တဲ့ ပုဂံမြို့ဟာ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်နေကြတဲ့ ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်ပါတယ်။

 

မြန်မာတို့ရဲ့ အသည်းနှလုံး

 

ယဉ်ကျေးမှု သမိုင်းကြောင်းအရကြည့်မယ်ဆိုရင်လည်း ပုဂံဟာ မြန်မာတို့ရဲ့ အသည်းနှလုံးဖြစ်ပြီး ပုဂံခရီးစဉ်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေကို တွေ့မြင်ရတဲ့အပြင် အညာဒေသရဲ့ လူနေမှုစရိုက်တွေ၊ ယဉ်ကျေးမှုတွေကိုပါ လေ့လာနိုင်ပါသေးတယ်။ ပုဂံဒေသခံတွေဟာ ဆီကြိတ်လုပ်ငန်း၊ ထန်းလျက်လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြပါတယ်။ ပုဂံဒေသမှာ လက်ရှိတွင် တိမ်မြုပ်နေတဲ့ ခရီးစဉ်တွေလည်း ရှိပါတယ်။ ဝန်ကြီးဌာနက ခရီးစဉ်တွေကို ဖော်ဆောင်ထားရှိပေမယ့် လာရောက်လည်ပတ်ကြသူ နည်းလှပါသေးတယ်။

 

ခရီးစဉ်ဖော်ဆောင်ထားတဲ့ နေရာများ

 

ခရီးစဉ်ဖော်ဆောင်ထားတဲ့ နေရာတွေကတော့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲမှာရှိတဲ့ ကျောက်မျက်မှော် ခရီးစဉ်၊ သက်စိုးတောင်ပေါ်ရှိတဲ့ ကျောက်ရေကန်ခရီးစဉ်၊ ဇီးအိုလှ ကျေးရွာမှ နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိ မန်ကျည်းကိုးခွပင်နဲ့ အင်ကြင်းတော၊ ငါ့သရောက်မြို့မှာရှိတဲ့ စက်စက်ယိုကျေးရွာ၊ သဲပြင်တောကျေးရွာ ရုပ်စုံကျောင်း၊ ကျောက်ပန်းတောင်းမြို့နယ် လဲဂွ၊ လက်ပံအိုင့်ကျေးရွာတို့ရှိ ဂဲမိုးအိုင်ခရီးစဉ်နဲ့ ပုပ္ပားတောင်တက် ခရီးစဉ်တွေကို ဝန်ကြီးဌာနက ပုဂံခရီးစဉ် ဒေသတွေအဖြစ် ဖော်ဆောင်ထားရှိပါတယ်။

 

ပုဂံမြေကိုအမှီပြုပြီး လုပ်ကိုင်ကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တချို့ကတော့ ပုဂံဒေသရဲ့ အလှတရားတွေကိုကြည့်ရှု နိုင်ဖို့ စိတ်ကူးစိတ်သန်းကောင်းများစွာ နဲ့ ပုံဖော်လာပြီး ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ပြန်လည်ကြိုးစားလာကြပါပြီ။

 

လုပ်ငန်းရှင်များရဲ့ ခရီးစဉ်အစီအစဉ်များ

 

တစ်ချိန်တုန်းကတော့ လောကနန္ဒာ ဘုရားရှေ့ ရေလယ်ကျွန်း သဲသောင်ပြင်မှာ ပုဂံရဲ့နေဝင်ဆည်းဆာအလှကို ကော့တေး သောက်ရင်းကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ ဝန်ဆောင်မှုတွေ၊ ပုဂံဘုရားတွေကြားကနေ နေဝင်ဆည်းဆာကိုကြည့်ဖို့ အတွက် မြင်းစီးရင်းကြည့်နိုင်အောင် စီစဉ်ထားမှုတွေ၊ အမိုးဖွင့်ကားတွေနဲ့ လှည့်လည်ပြီးကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ အစီအစဉ်တွေ၊ မိုးပျံပူဖောင်းစီးပြီး ပုဂံအလှကိုကြည့်ရှုနိုင်တာတွေ၊ သုံးဘီးဆိုင်ကယ် (ဒေသအခေါ် တုတ်တုတ်) နဲ့ လှည့်လည်ကြည့်ရှုတဲ့ အစီအစဉ်တွေကို တီထွင်ဖန်တီးခဲ့ကြပေမယ့် ကိုဗစ်ကပ် ရောဂါဖြစ်ပွားပြီးနောက်မှာ ဧည့်သည် ဝင်ရောက်မှု ရပ်တန့်သွားခဲ့ပါတယ်။

 

မြင်းစီးခြင်း အနုပညာ

 

ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်း အများဆုံးထိခိုက်ခံစားခဲ့ကြရတဲ့ ပုဂံမှာ စိတ်ခံစားမှုရသပေးနိုင်တဲ့ မြင်းစီးခြင်း အနုပညာကို မကြာခင် ပွင့်လင်းရာသီမှာ ပြန်လည်စတင်ဖို့ ကြိုးစားနေပါပြီလို့ Ayeindamar Tour ကုမ္ပဏီမှ တာဝန်ရှိသူ က စာရေးသူကို ပြောပြပါတယ်။

 

မြင်းစီးတာဟာ ကျန်းမာရေးလိုက်စား သူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ မြင်းစီးခြင်းကို နိုင်ငံခြားသားတွေကိုသာ ဝန်ဆောင်မှု လုပ်ခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအလိုက် စူးစမ်းချင်လာကြတဲ့ မြန်မာခရီးသွား ဧည့်သည်တွေကြောင့် ဝန်ဆောင်မှုတွေကို ထပ်မံပေးလာခဲ့တာ ဖြစ်ပါတယ်။

 

“မြင်းစီးလမ်းကြောင်း အတိုအရှည်အပေါ် မူတည်ပြီး စျေးနှုန်းအမျိုးမျိုးရှိပါတယ်။ မြင်းစီးပြီး ပုဂံမြေရဲ့ ဘုရားတွေကို လှည့်လည်ဖူးမြော်ရတာက တကယ့်ကိုကြည်နူးစရာကောင်းလှတာမို့ ဒီဇင်ဘာ လောက်မှာ ပြန်ပြီးစတင်ဖို့ ကြိုးစားနေ ပါပြီ”လို့ Ayeindamar Tour နဲ့ Mo Riding မြင်းစီးကလပ် ပူးပေါင်းပြီး မြင်းစီး ဝန်ဆောင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ ဒေါ်အေးသီတာမိုးက စာရေးသူကို ပြောပြပါတယ်။ သူဟာ ပုဂံမှာ မြင်းစီးစေဖို့ စိတ်ကူးကို အကောင်အထည် ဖော်ခဲ့သူလည်းဖြစ်ပါတယ်။

 

“အခုဒီဇင်ဘာမှာ တုရင်တောင်ကြောထဲမှာ ဖွင့်လှစ်ထားတဲ့ သဘာဝအပန်းဖြေ စခန်းထဲမှာ မြင်းစီးလည်ပတ်မယ်။ အလှဓာတ်ပုံရိုက်ကူးမယ်။ နားမယ်။ တောင်ပတ်လည် ကာရံထားတော့ သဘာဝအိုအေစစ်လေးလို ဖြစ်နေတာပါ။ Indoor ရော၊ Outdoor ပါ မြင်းစီးတာကို ပြန်လည်စတင်ဖို့ ကြိုးစားဆောင်ရွက်နေပါပြီ”လို့ ဒေါ်အေးသီတာမိုးက ဆက်ပြော ပါတယ်။

 

မြင်းစီးဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုဇော်ဝမ်းကတော့ ပုဂံရဲ့ နေဝင်ဆည်းဆာအလှနဲ့ နေထွက်ချိန် အလှတရားမှာ နေထွက်ချိန်ကိုကြည့်ရတာက ပိုပြီးလှပတယ်လို့ စာရေးသူကို ပြောပြခဲ့ဖူးပါတယ်။ ရှေးဟောင်းအမွေအနှစ် စေတီပေါင်းများစွာနဲ့ ခံ့ညားလှတဲ့ ပုဂံမြေရဲ့ အလှတရားတွေဟာ ဘယ်အချိန်မှာပဲကြည့်ကြည့် ဘယ်သောအခါမှ ပျောက်ကွယ်သွားမယ့် အလှတရားတွေ မဟုတ်တာမို့ ပုဂံမြေကို သွားရောက်ခဲ့ရင် ပုဂံမြေတစ်ခွင်မှာ မြင်းစီး လည်ပတ်နိုင်ကြဖို့ ဒီတစ်ပတ်အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။