မန္တလေး ၂၈ မတ်
မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်နှင့် ယိမ်းအကအလှပြိုင်ပွဲကို ဧပြီလ ၆ ရက်၊ ၇ ရက်နေ့များမှာ မင်္ဂလာမန္တလေးရှော့ပင်းစင်တာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့် ယိမ်းအကအလှပြိုင်ပွဲသည် ၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး တေးသံရှင် ဖြူဖြူကျော်သိန်း၊ ဇော်ပိုင်၊ ချောစုခင်၊ ဖြိုးကြီး၊ ချစ်ဇွဲသာ၊ ဖြူလေး တို့က သီဆိုဖျော်ဖြေမည် ဖြစ်သည်။
"အရင်နှစ်တွေကဆိုရင် မောင်သင်္ကြန်၊ မယ်သင်္ကြန် ပြိုင်ပွဲ ထည့်တယ်။ အခုနှစ်မှာတော့ မောင်သင်္ကြန်၊ မယ်သင်္ကြန် ပြိုင်ပွဲ မပါတော့ပဲ ယိမ်းအကကို အားထည့်ထားပါတယ်။ '' ဟု မင်္ဂလာ မန္တလေး Business Support Center ၏ မန်နေဂျာ မဇင်မာက ပြောသည်။
ယိမ်းအကအလှပြိုင်ပွဲတွင် ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်ဆိုပြီး နှစ်ခုခွဲထားသည်။ ပညာရှင်အဆင့်တွင် ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၈ သိန်း ချီးမြှင့်မည်ဖြစ်ပြီး ဝါသနာရှင်အဆင့်တွင် ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယဆု ၅ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် တစ်ဖွဲ့လျှင် ၈ ဦးမှ ၁၂ ဦးထိ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး တူညီဝတ်စုံဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ယိမ်းအကအလှပြိုင်ပွဲလျှောက်လွှာများကို မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ထုတ်ယူနိုင်ကြောင်း သိရသည်။
အိမို့မို့ခိုင်


