မွန်ဂိုလီးယားနိုင်ငံ ရာသီဉတုဆိုးရွားမှုကြောင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၂ ဒသမ ၁ သန်းသေဆုံး

ဖေဖော်ဝါရီ ၂၇

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်ဆောင်းရာသီအတွင်း ရာသီဉတုဆိုးရွားပြင်းထန်မှုကြောင့် လက်ရှိအချိန်အထိ မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၂ ဒသမ ၁ သန်း ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံအရေးပေါ်ဆိုင်ရာကော်မရှင်အဖွဲ့က ယနေ့တွင်ပြောကြားသည်။ နိုင်ငံတစ်ဝန်းတွင် ရာသီဉတုအေးခဲမှုကြောင့် လက်ရှိအချိန်အထိ မွေးမြူရေး တိရစ္ဆာန်အကောင်ရေ ၂၁၃၆၅၀၃  သေဆုံးခဲ့ရာ တိရစ္ဆာန်သေဆုံးမှုနှုန်းသည် အစောပိုင်းကနှစ်ကထက် ၈၅ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်ဟု ထိုအေဂျင်စီကထပ်လောင်းပြောသည်။ ယခုနှစ်ဆောင်းရာသီအတွင်း မြေပြင်တွင် ပုံမှန်ထက် နှင်းထုများဖုံးလွှမ်းပြီး နှင်းထုအထူသည် စင်တီမီတာ ၁၀၀ အထိရှိပြီး နယ်မြေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် လက်ရှိအချိန်အထိ နှင်းများဖုံးလွှမ်းလျက်ရှိသည်ဟု နိုင်ငံ၏ရာသီဉတုစောင့်ကြည့်ရေးဆိုင်ရာအေဂျင်စီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို