မြင်းခြံ ၁၃ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၅)ရပ်ကွက်၊ နယ်မြေ(၆)ရှိ ဦးထွန်းအိမ်မှ စတင်၍ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရသည်။
အမှတ်(၅)ရပ်ကွက် နယ်မြေ (၆) ရှိ ဦးထွန်း (ဘ) ဦးမော်၏ နေအိမ်မှ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ကျော်နိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ကိုသန့်တို့ ဦးဆောင်၍ မီးသတ်ကား (၁၄)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးထွန်း၏ (၄)ပင်ပတ်လည် ပျဉ်ထောင်သွပ်မိုး (၁)လုံး၊ ဒေါ်သင်း၏ (၄)ပင် (၃)ပင် သွပ်မိုးထရံကာ (၁)လုံး၊ ဒေါ်လုံးခင်(ခေါ်)ဘိုလုံး၏ (၄)ပင် (၃)ပင် သွပ်မိုးထရံကာ (၁)လုံး၊ ဦးစိုးမြင့်၏ (၄) ပင် (၃)ပင် ပျဉ်ထောင်သွပ်မိုး (၁)လုံး၊ ဒေါ်ခင်သက်ရီ၏ (၄)ပင် (၃)ပင် သွပ်မိုးထရံကာ (၁)လုံး၊ ဦးခင်မောင်ထွေး၏ (၄)ပင် (၃)ပင် သွပ်မိုးထရံကာ (၁)လုံး၊ ဒေါ်ကံတင်၏ (၃)ပင် (၂)ပင် သွပ်မိုးထရံကာ (၁)လုံးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ရဲ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ အနီးကပ် ကူညီဆောင်ရွက်ခဲ့ကြပြီး အဖြူရောင်လက်များ ပရဟိတအသင်း၊ OK စက်သုံးဆီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အကူရေသယ်ယာဉ်များဖြင့် ကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် မီးလောင်မှုစတင်ဖြစ်ပွားသည့် ဦးထွန်းအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)


