မြင်းခြံမြို့တွင် ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံး

မြင်းခြံ ဧပြီ ၂၉

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်၌ ကလေးငယ်များ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က အိမ်ရှင် ဒေါ်သူဇာသည် အပြင်သို့ ဈေးဝယ်ထွက်သွားစဉ် ၎င်း၏ သားသမီး (၂)ဦးမှ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ အနီးရှိ ဝါးထရံအား မီးစတင်ကူးလောင်ကျွမ်းခဲ့ရာ နေအိမ် (၅)လုံး၏ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၃)စီး၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၄၉)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)