မိုင်းယောင်း ၁၃ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြပြီး အရောင်အသွေးစုံလင်သော သင်္ကြန်အကြိုနေ့အတွင်း ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်ကြီးများဖြင့် တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများအပြင် ဈေးရောင်းချသူများဖြင့် စည်ကားခဲ့သည်။
သင်္ကြန်အကြိုနေ့တွင် မိုင်းယောင်းမြို့နယ်တစ်ခွင်လုံး၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ ယိမ်းအက၊ ရိုးရာအက၊ အဆို၊ ဆစ်ဆောင်ပန်းနားအက၊ လွယ်လအက၊ ရှမ်းသိုင်းအကအလှတို့ဖြင့် မြူးတူးပျော်ရွှင်စွာ ရေကစားကြရာ ဗလမင်းထင်လမ်းတစ်လျှောက်နှင့် မြို့တွင်းအနှံ့ သင်္ကြန်ရေကစားမဏ္ဍပ်တို့၌ တိုးမပေါက်အောင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
သင်္ကြန်အကြိုနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နည်းဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ယိမ်းလှပျိုဖြူများ၊ ရိုးရာအကလှပျိုဖြူများ၊ တေးသံရှင်များ၏ အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


