မင်းလှ ၄ ဧပြီ
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့ မြို့မဈေးကြီးတွင် ယနေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးကျော်မျိုးထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်အဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ကားများဖြင့် သရုပ်ပြ ရေဖြန်းမီးငြှိမ်းသတ်ခြင်း၊ အရေးပေါ် ရှေးဦးသူနာပြုစုခြင်းများ၊ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြခြင်းတို့ကို သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
သရုပ်ပြလေ့ကျင့်ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ ဈေးသားများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဈေးအတွင်းရှိ စင်မြင့်ရေစဉ် ကြံခိုင်ရေးနှင့် ရေထားသိုမှု အခြေအနေများ၊ ရေလှောင်ကန်နှင့် မီးသတ် ဆေးဘူးများ အသင့်အသုံးပြုနိုင်ရန် စစ်ဆေးခြင်း၊ သွယ်တန်းထားသော လျှပ်စစ်မီး လုံခြုံရေးဝါယာကြိုးများကောင်းမွန်ရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)


