မင်းလှ ၁၂ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနောက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး နတ်ဒေဝါများအား တရားတော်နာယူရန်ဖိတ်ကြားခြင်း၊ ဆရာတော်ကြီးများထံ ပရိတ်ရေ၊ ပရိတ်ဆန်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပန္နက်တိုင်များ ဆပ်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်း တရားတော်များ ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တကုဏ္ဏလ ဆရာတော်ဘုရားကြီးနှင့် ဦးစီးပဓာနဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က ပန္နက်တင်ကြရာ မင်္ဂလာဒုံဆရာတော် ဦးဆန္ဒောဘာသက အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပေးသည်။
ဆက်လက်၍ မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူခြင်း၊ လှူဘွယ်ပစ္စည်းများဆက်ကပ်လှူ ဒါန်းခြင်း၊သြဝါဒကထာနှင့် ရေစက်ချအနုမောဒနာ တရားနာယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက အသီးသီး ပေးအပ်ချီးမြှင့်ကြပြီးနောက် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ကြောင်း ကြေငြာသည်။
အဆိုပါဗိမ္မာန်တော်ကြီးသည် (၃)ထပ်အဆောက်အဦးဖြစ်ပြီး၊ အမြင့် ၃၆ပေ ခန့်၊ အလျား ၁၂၀ ပေ ၊အနံ ၆၀ ပေ ကျယ်ဝန်းကာ အလှူ ရှင်များစုပေါင်းလှူ ဒါန်းငွေကျပ်သိန်းပေါင်း(၇၀ဝ၀)ဖြင့် beyond way ကုမ္ပဏီ မှ တာဝန်ယူတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


