မကွေး ၁၀ ဧပြီ

 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အိမ်တိုင်ရာရောက် ရေရရှိရေးဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးပြီးစီးပြီး ရေတစ်ယူနစ် (ဂါလံ ၂၂၀)လျှင် ၇၀ဝ ကျပ်နှုန်းဖြင့် အချိန်ပြည့် ရေရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

aa

 

ဒီးဒုတ်ကန်ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးရေးအတွက် ကျေးရွာနှင့် ပေ ၃၀ဝ၀ ကျော်အကွာရှိ မြေသားမိုးရေလှောင်ကန်မှ ကျေးရွာသို့ ပိုက်လိုင်းသွယ်တန်းခြင်း၊ ကျေးရွာအတွင်း ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်း၊ ဂါလံ(၁၃၅၀ဝ)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေတင်ပန့်များ တပ်ဆင်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၁၆၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၆၅ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးမင်းဇော်ဟန်က ပြောပြသည်။

 


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ဧပြီ ၉ ရက်က အိမ်တိုင်ရာရောက် ရေပေးရေးစနစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 


“ကျွန်တော်တို့ကျေးရွာမှာ အိမ်ခြေ(၃၃၁)၊ လူဦးရေ(၁၃၂၄)ဦးရှိပြီး အရင်ကဆိုရင် သောက်သုံးရေကို ခက်ခက်ခဲခဲ သယ်ယူပြီး သုံးစွဲခဲ့ရပါတယ်၊ အခုတော့ သောက်သုံးရေကို အချိန်ပေးပြီး သယ်ယူသောက်သုံးစရာမလိုဘဲ ကိုယ်ရဲ့အိမ်ဝိုင်းထဲမှာ ၂၄  နာရီအချိန်ပြည့် ရရှိနေပြီဖြစ်ပါတယ်၊ အရင်က ကျွန်တော်တို့ကျေးရွာဟာ မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါတယ်၊ လက်ရှိမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျေးရွာတွင်း လမ်းဆုံ လမ်းခွတွေမှာ အရေးပေါ်ရေရရှိအောင် ရေငုတ်တွေ ထားရှိပြီးဖြစ်တယ်လို့” ဒီးဒုတ်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်လှိုင်က ပြောပြသည်။

 


သန်းလွင်(မကွေး)

 

eee