မြောက်ဦး ၂၆ မတ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ကျွန်းတောကျေးရွာရှိ ရွှေဖောင်တော ဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းနှင့် ပန်းမြောင်းကျေးရွာအုပ်စု၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ နှစ်ဘက်ပစ်ခတ်မှု တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်းကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မတ်လ ၂၅ ရက် နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်နှင့် ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်တို့က တိုက်ပွဲ ရှောင်ခိုလှုံရောက်ရှိနေသည့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ကယ်ဆယ်ရေးစခန်း တာဝန်ခံ များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မင်းပြားမြို့နယ်၊ ကျွန်းတောကျေးရွာရှိ ရွှေဖောင်တောဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းနှင့် ပန်းမြောင်းအုပ်စု၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံရောက်ရှိလာကြသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု စုစုပေါင်း (၁၀၄၁)စုတို့အတွက် ကျားလုံချည်၊ မလုံချည်၊ တဘက်နှင့် တီရှပ် ပစ္စည်းအမျိုးအစား၄ မျိုး တို့အား တာဝန်ရှိသူများမှသွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
နှစ်ဖက်ပစ်ခတ်မှုများအတွင်း ကျည်ဆံထိမှန်ကာ သေဆုံးသွားခဲ့သည့် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာသစ်နေ ဒေါ်သန်းသန်းဝင်းအတွက် ထောက်ပံ့ ငွေကျပ် ၃၀ဝ၀ဝ၀နှင့်အတူ ဒဏ်ရာရ ကာပြင်ပလူနာအဖြစ် ဆေးကုသခံနေရသူ ငှက်တော်ရ ကျေးရွာနေ မောင်ကျော်ဌေးနှင့် ဦးတင်ဝင်း တို့အား တစ်ယောက်လျှင် ငွေကျပ် ၅၀ဝ၀ဝ စီဖြင့်စုစုပေါင်းထောက်ပံ့ငွေ လေးသိန်းကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းအပ်နှင်း ခဲ့ကြောင်း မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


