မင်းတုန်း  ၅   ဧပြီ  

 

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းဖြင့် မင်းတုန်းမြို့နယ် သဒွန်းကျေးရွာအဝင် အုတ်ခုံခံ သံဘောင်ယက်မတံတား တည်ဆောက်ခြင်း လုပ်ငန်းကို မတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၆၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  မင်းတုန်းမြို့နယ်တွင် ကမ္ဘာ့ဘဏ်(World Bank) နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းအကောင်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စီမံကိန်းရန်ပုံငွေဖြင့် ပိန္နဲပင်ကျေးရွာအုပ်စု၊ သဒွန်းကျေးရွာ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း တိုင်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် သရက်ခရိုင် ဦးစီးမှူး ဦးအောင်ကြီးတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် တံတားလုပ်ငန်းမှာ ကျောက်ရိုးစီခြင်းလုပ်ငန်း ဆောင်ရွက်ပြီး၍ သံဘောင်ယက်မများ တပ်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စီမံကိန်း လုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ တိုးတက်ရေးနှင့် ကျေးရွာတွင် ကျန်ရှိနေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်စေရေး ဆွေးနွေး အကြံပေး ဆောင်ရွက်ခဲ့သည်။

 

သဒွန်းကျေးရွာ တံတားမှာ သဒွန်း ကျေးရွာနှင့် ပုသိမ်-မုံရွာ ဆက်သွယ်သောကား လမ်းဘေးတွင် တည်ရှိပြီး အတိုင်းအတာအားဖြင့် အရှည် ပေ ၆၀၊ အကျယ်  ၁၄ ပေ၊ အမြင့် ၃၂ ပေရှိပြီး စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ၂၆ ဒဿမ ၄၅၅၈၁ သန်းဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက သဒွန်းကျေးရွာရှိ အိမ်ခြေ ၇၂အိမ်၊ လူဦးရေ ၂၄၉ ဦးအတွက် ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအား ရာသီမရွေးလွယ်ကူစွာဖြင့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးနိုင်ဝင်း က ပြောပြ၍ သိရသည်။

 

ငြိမ်းသူ(စလင်း)