မှန်ကန်ပြည့်စုံသည့် မဲစာရင်းဖြစ်ပေါ်လာစေရန် မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဒေါ်ဝင်းသော်သော်လှိုင်

 

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မှန်ကန်ပြည့်စုံသည့် မဲစာရင်းဖြစ်ပေါ်လာစေရန် မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်မြတ်ဆန်းထွန်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်သ္တာမျိုးနှင့် ဒေါ်ဝင်းသော်သော်လှိုင်တို့က ပါဝင်ဆွေးနွေးကြသည်။

 

 

အဆိုပါစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည် များကို ဖော်ပြအပ်ပါသည်။

 

 

ဦးမြင့်နိုင်။ ။ ဒီကနေ့ ဆွေးနွေးပွဲမှာ မဲစာရင်းပြုစုခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်။ မဲစာရင်းတွေလည်း မကြာခင်ကြေညာတော့မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့က ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုလာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ်၊ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နယ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဆက်တည်းပဲ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင်တင်သွင်းနိုင်တဲ့ နေ့ရက်တွေ၊ အမည်စာရင်းတင်သွင်းလာရင် စိစစ်မယ့် နေ့ရက်တွေ၊ အမည်တင်သွင်းတာကို ပြန်လည်ရုပ်သိမ်းနိုင်မယ့် နေ့ရက်တွေ ဒါတွေနဲ့ ပတ်သက်လို့လည်း ကြေညာခဲ့ပြီးပြီ။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ပြင်ပရောက်နေတဲ့ ကြိုတင်ဆန္ဒမဲပေးခွင့် ရှိတဲ့သူတွေပုံစံ ၁၅ တွေ တောင်းယူပြီး ဘယ်လိုဖြည့်သွင်းရမယ်၊ ဘယ်ရက်မှာ ပြန်ပို့ရမယ်ဆိုတာကိုလည်းကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေလည်းပဲ အသိအမှတ်ပြုလွှာတွေ စတင် လျှောက်ထားနိုင်တဲ့အကြောင်းကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေကိုအချိန်ဇယားနဲ့ သေသေချာချာချမှတ်ပြီး ဆောင်ရွက်နေတယ်။ အခုဆိုရင် မဲစာရင်းကြေညာတော့မယ်။ ဒီမဲစာရင်းကို ကြေညာနိုင်အောင် အခြေခံမဲစာရင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ ့ခွဲ အဆင့်ဆင့်က ဘယ်လိုပြုစုကြသလဲ၊ ဘယ်လိုဆောင်ရွက်ထားရှိကြသလဲ။ ဒါလေးတွေကို ဒီနေ့ ဆွေးနွေးမျှဝေကြမယ်။

 

 

ဦးခွန်မြတ်ဆန်းထွန်း။ ။ ဟုတ်ကဲ့ပါ။ မဲစာရင်းတွေကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ ရပ်ကွက် ဒါမှမဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက ပြုစုပါတယ်။ ဒီလိုပြုစုရာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ နဲ့ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေမှာရှိတဲ့ လူဦးရေစာရင်းတွေကို ရယူပြီးတော့ ပြုစုမှာဖြစ်ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါမူလမဲစာရင်းကို အခြေခံပြီးတော့ ပြုစုရမှာဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမဲစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူတွေကို မဲစာရင်းမှာ ထည့်သွင်းတာ၊ ပြောင်းရွှေ့သွားတဲ့ အိမ်ထောင်စုစာရင်းဝင်တွေကို မဲစာရင်းကနေ ပယ်ဖျက်တာ၊ ပြောင်းဝင်လာတဲ့ အိမ်ထောင်စုစာရင်းဝင်တွေကို မဲစာရင်းမှာ ထည့်သွင်းတာ၊ ကွယ်လွန်သွားတဲ့သူတွေကိုမဲစာရင်းကနေ နုတ်ပယ်တာတွေကို ပြုလုပ်ပြီးတော့ မဲစာရင်းကို ပြုစုသွားရမှာ ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ တပ်မတော်သားတွေနဲ့ အတူနေမိသားစုဝင်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ တပ်မှူး၊ ရဲတပ်ဖွဲ့မှူးတွေရဲ့အကူအညီကို ရယူပြီးတော့ မဲစာရင်းမှာ ထည့်သွင်းပြုစုသွားရမှာ ဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်နဲ့နိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ သံရုံးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ၊ ပညာတော်သင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့သူတွေကို မဲစာရင်းမှာ ထည့်သွင်းပြုစုသွားမှာ ဖြစ်ပါတယ်။

 

 

ဦးမြင့်နိုင်။ ။ ဒီနေရာမှာ ခုနက ဆွေးနွေးခဲ့တဲ့၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမဲစာရင်းအပေါ်မှာ အခြေခံပြီးပြုစုခဲ့တယ် ပြောတယ်။ ဒီလိုပြုစုတဲ့နေရာမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက မဲစာရင်းမှာ အက္ခရာစဉ် အလိုက်ပြုစုထားခဲ့တယ်။ အဲဒီမှာ မဲစာရင်းလာကြည့်တဲ့သူတွေ အခက်အခဲနည်းနည်းရှိတယ်။ ကိုယ့်အိမ်ထောင်စုတစ်ခုတည်းကပဲ အက္ခစဉ်နဲ့ဆိုတော့ မဲစာရင်းမှာ တသီးတခြားစီ ဖြစ်သွားတယ်။ ခုတော့ အက္ခရာစဉ်အလိုက် မဟုတ်တော့ဘဲအိမ်ထောင်စုအလိုက် ပြန်ပြီးပြုစုတယ်။ ဒါကြောင့် နည်းနည်းအချိန်ယူရတယ်။ တော်တော်များများက သတ်မှတ်ထားတဲ့ ငါးပတ်အတွင်းမှာ ပြီးအောင်လုပ်နိုင်ကြတယ်။ မြင်းခြံမဲဆန္ဒနယ်ကျတော့နောက်ဆုံးမှလည်း လစ်လပ်သွားတာကတစ်ကြောင်း၊ မဲစာရင်းကလည်း နှစ်သိန်းကျော်လောက်ရှိတယ်။ ဒါကြောင့် နည်းနည်း နောက်ကျသွားတယ်။ အခုတော့ အားလုံး အခြေခံမဲစာရင်းတွေ ပြုစုပြီးသွားပါပြီ။ ဒါက ပြုစုပုံလေးပြောတာပါ။ မဲစာရင်းပြုစုပုံကိုတော့ ဒေါ်ခိုင်သ္တာမျိုးက ဆွေးနွေးပေးပါ။

 

 

ဒေါ်ခိုင်သ္တာမျိုး။ ။ သက်ဆိုင်ရာ လွှတ်တော်တစ်ရပ်စီအတွက် မဲစာရင်းကို ပုံစံ ၁ နဲ့ ပြုစုပါတယ်။ တိုင်းရင်းသားလူမျိုးလွှတ်တော်မဲဆန္ဒနယ် မဲစာရင်းကိုတော့ ပုံစံ ၁(က) နဲ့ ပြုစုပါတယ်။ ဒီပုံစံ ၁ နဲ့ ၁ (က) မှာဆိုရင်မဲဆန္ဒရှင်ရဲ့ အချက်အလက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ မဲဆန္ဒရှင်ရဲ့ အမည်၊ ကျား၊ မ၊မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ မိဘနာမည်နဲ့ နေရပ်လိပ်စာတွေ ဖြစ်ပါတယ်။ ဒီပုံစံ ၁ နဲ့ ၁ (က) ကဘာထူးခြားလဲဆိုတော့ ပုံစံ ၁ (က) က ဥပမာအားဖြင့် ရှမ်းတိုင်းရင်းသားလူမျိုး၊ ချင်းတိုင်းရင်းသားလူမျိုး စသဖြင့်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မဲစာရင်းပဲ ဖြစ်ပါတယ်။

 

 

ဦးမြင့်နိုင်။ ။အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာတော့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်က မ္တလေးတိုင်းဒေသကြီးပဲ ရှိပါတယ်။မ္တလေးတိုင်းဒေသကြီးမှာ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက်ကို မ္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှမ်းလူမျိုးတွေရှိတဲ့ နေရာတွေမှာ ပုံစံ၁ (က) ပြုစုရတာပါ။ အဲဒီတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူတွေက ဘယ်သူတွေလဲ၊ မရှိတဲ့သူတွေက ဘယ်သူတွေလဲ ဒါလည်း သိဖို့လိုအပ်ပါတယ်။ ဆန္ဒမဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြပါဦး။ ဒေါ်ဝင်းသော်သော်လှိုင်။ ။ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ သူတွေကတော့ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့မှာ အသက်၁၈ နှစ် ပြည့်ပြီးတဲ့သူတွေ၊ ရွေးကောက်ပွဲ ဥပဒေ၊နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ မဆန့်ကျင်တဲ့နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရတဲ့သူတွေက မဲပေးပိုင်ခွင့်ရှိသူတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မဲစာရင်းထဲမှာ ပါဝင်မှသာ ဆန္ဒမဲပေးပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ 

 

 

ဦးမြင့်နိုင်။ ။ ဆန္ဒမဲပေးပိုင်ခွင့် ရှိတဲ့သူတွေမဲစာရင်းမှာပါအောင် စိစစ်ဆောင်ရွက်ပေးရမယ်။ ဆန္ဒမဲပေးခွင့်မရှိတဲ့သူတွေလည်း သတ်မှတ်ထားတာရှိပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့် မရှိတဲ့သူတွေကိုလည်း ဆွေးနွေးပြောပြပါဦး။

 

 

ဦးခွန်မြတ်ဆန်းထွန်း။ ။ဆန္ဒမဲပေးပိုင်ခွင့် မရှိသူတွေ အနေနဲ့ အချက် ၆ ချက်ရှိပါတယ်။ သာသနာ့ဝန်ထမ်းတွေ၊ ထောင်ဒဏ်ကျခံနေရတဲ့သူတွေ၊ စိတ်ပေါ့သွပ်နေတဲ့သူတွေ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူတွေ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူတွေ၊ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ်ခံယူထားတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုသူတွေကတော့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့် မရှိပါဘူး။

 

 

ဦးမြင့်နိုင်။ ။ ဆန္ဒမဲတော့ ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပုံစံ ၁၀ လည်း မပြနိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်လည်း မရှိတဲ့သူတွေကို မဲစာရင်းမှာပါအောင် ဘယ်လိုဆောင်ရွက်လဲဆိုတာ ပြည်သူတွေသိအောင် ဆွေးနွေးပေးပါ။

 

 

ဒေါ်ဝင်းသော်သော်လှိုင်။ ။ ဟုတ်ကဲ့ပါ။ အကယ်၍ဆန္ဒမဲ ပေးခွင့်တော့ရှိတယ်။ ဒါပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့၊ပုံစံ ၁၀ တို့ မရှိလို့ မဲပေးခွင့် မဆုံးရှုံးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိမိက ဒီနေရာမှာ အခြေကျနေထိုင်ကြီးပြင်းခဲ့တဲ့ တိုင်းရင်းသားလူမျိုး ဖြစ်တယ်။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့လည်း မဆန့်ကျင်တဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ မဲစာရင်းထဲမှာ ထည့်ပေးလို့ရပါတယ်ရှင့်။

 

 

ဦးမြင့်နိုင်။ ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူနဲ့ မရှိတဲ့သူတွေကို သိပြီးသွားရင် မဲစာရင်းမှာ မပါသင့်တဲ့သူတွေ ပါနေရင်၊ ပေးပိုင်ခွင့်ရှိရက်သားနဲ့ ကျန်နေတယ်ဆိုရင် ကိုယ်က ကန့်ကွက်လို့၊တောင်းဆိုလို့ ရတာပေါ့။ မဲစာရင်းကို ပြုစုပြီးရင် မဲစာရင်းကြေညာတယ်။ ဒီလို ကြေညာတဲ့အခါမဲဆန္ဒရှင်တွေက ကြည့်ဖို့ ဥပဒေက ဘယ်လိုပြဋ္ဌာန်းသလဲ။

 

 

ဒေါ်ဝင်းသော်သော်လှိုင်။ ။ သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေအရ မဲစာရင်းကြေညာရင် မဲဆန္ဒရှင်ပြည်သူတွေက မဲစာရင်းမှာ မိမိနာမည်ပါ၊ မပါလာရောက်စစ်ဆေးဖို့ တာဝန်ရှိတယ်လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။

 

 

ဦးမြင့်နိုင်။ ။ တကယ်တော့ မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် ကိုယ့်မှာကြည့်ဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားတာပါ။ လာကြည့်တဲ့အခါကိုယ့်အမည်မပါရင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ဘယ်လို ဆောင်ရွက်မလဲ။

 

 

ဦးခွန်မြတ်ဆန်းထွန်း။ ။ မဲစာရင်းမှာ အမည်မပါဘူးဆိုရင် မဲစာရင်းမှာအမည်ပါအောင် တောင်းဆိုလွှာ ပုံစံ ၃ နဲ့ ဖြည့်စွက်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ ့ခွဲကို ပေးပို့တောင်းဆိုနိုင်ပါတယ်။ ပုံစံ ၃ မှာတောင်းဆိုသူရဲ့ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အမိအမည်၊ အဘအမည်၊ နေရပ်လိပ်စာတွေ ပါဝင်ပါတယ်။ ပြီးတော့ တောင်းဆိုသူကိုယ်တိုင်ဖြစ်စေ၊ တောင်းဆိုသူက စာနဲ့ လွှဲအပ်ထားတဲ့ ကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးထိုးပြီး တောင်းဆိုနိုင်ပါတယ်။ ပုံစံ ၃ တွေကိုရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ အခမဲ့သွားရောက် ထုတ်ယူနိုင်ပါတယ်။

 

 

ဦးမြင့်နိုင်။ ။ မဲစာရင်းကို သွားကြည့်ကြတယ်။ မဲစာရင်းထဲမှာ မပါသင့်တဲ့ သူတွေပါနေတယ်။ ကိုယ့်ရပ်ကွက်၊ ကျေးရွာဖြစ်တဲ့အတွက်ဘယ်သူက ပါသင့်တယ်၊ မပါသင့်ဘူးဆိုတာကိုလည်း သိတာပေါ့။ ဒီတော့ မဲစာရင်းမှာ မပါသင့်တဲ့သူ ပါနေရင် ဘယ်လို ဆောင်ရွက်မလဲ။

 

 

ဒေါ်ဝင်းသော်သော်လှိုင် ။ ။မဲစာရင်းမှာ ကွယ်လွန်ပြီးသားသူတွေ ပါနေတယ်။ မပါသင့်တဲ့သူတွေ ပါနေတယ်ဆိုရင်ကန့်ကွက်လွှာလို့ခေါ်တဲ့ ပုံစံ ၄ နဲ့ ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်လွှာပုံစံ ၄ တွေကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲရုံးတွေမှာ အခမဲ့တောင်းယူလို့ရပါတယ်။

 

 

ဦးမြင့်နိုင်။ ။ မဲစာရင်းမှာ မဲဆန္ဒရှင်ရဲ့ အချက်အလက်တွေ မှားယွင်းနေတာ၊ဥပမာ နာမည်၊ လိပ်စာ၊ မိဘနာမည် စသဖြင့်အချက်အလက်မှားတာ တွေ့ရရင် မဲဆန္ဒရှင်တွေအတွက် ဆောင်ရွက်ပေးနေတာကိုလည်း ပြည်သူတွေ သိအောင်ဆွေးနွေးပေးပါဦး။

 

 

ဦးခွန်မြတ်ဆန်းထွန်း။ ။ မဲစာရင်းမှာ အချက်အလက်တွေ မှားယွင်းနေမယ်ဆိုရင် မဲစာရင်းနဲ့ စပ်လျဉ်းတဲ့ ပြင်ဆင်လွှာပုံစံ ၄ (ဂ)နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တင်သွင်းပြီး တောင်းဆိုနိုင်ပါတယ်။ ပြင်ဆင်လွှာ ပုံစံ ၄ (ဂ)မှာ ပြင်ဆင်လိုတဲ့မဲစာရင်းမှာပါတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုအမည်၊မဲစာရင်းမှာပါတဲ့ အမှတ်စဉ်၊ ပြင်ဆင်ရတဲ့အကြောင်းအရင်း၊ ဥပမာ နာမည်မှားတယ်ဆိုရင်မှားယွင်းတဲ့အချက်အလက်ကို ပြင်ဆင်လွှာထဲမှာထည့်သွင်း ဖော်ပြပြီး ပြင်ဆင်လွှာ တင်သွင်းတဲ့သူရဲ့အမည်၊ ကျား၊ မ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊မိဘအမည်၊ အမြဲတမ်းနေရပ်လိပ်စာနဲ့ လျှောက်ထားသူရဲ့ အမည်၊ မဲစာရင်းပါ အမှတ်စဉ်၊ လက်မှတ်ဒါတွေပါဝင်ပါတယ်။ ရှင်မင်း (ဆက်လက်ဖော်ပြပါမည်)