ရိခေါ်ဒါရ် ၇ မေ
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချောင်းတစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်များ၊ အညစ်အကြေးများကို မေ ၇ ရက်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချောင်းရိုးတစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်များ၊ အညစ်အကြေးများကို လူအင်အား၊ စက်ကြီးအားများဖြင့် ရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့်နေရာသို့ စနစ်တကျစွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်ခုဖြစ်သည်နှင့်အညီ ကျွန်တော်တို့နိုင်ငံရဲ့ မျက်နှာစာ တစ်ခုလည်း ဖြစ်တယ်။ အခုမြင်တွေ့ရသလို စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ့ရတော့ ရပ်ကွက်သန့်ရှင်း သာယာလှပမှု ပျက်စီးစေတဲ့အပြင် နိုင်ငံရဲ့ မျက်နှာစာအလှကိုလည်း ပျက်စီးစေပါတယ်။ ဒါကြောင့် ပြည်သူအများအနေဖြင့် မိမိဒေသ သန့်ရှင်းသာယာလှပရေး၊ အမှိုက်၊ အညစ်အကြေးများ စနစ်တကျ စွန့်ပစ်သည့် အလေ့အထကောင်းများ ရရှိစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်တာဖြစ်တယ်” ဟု ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးပေါင်ဒိတ်တုန်းက ပြောသည်။
ရိခေါ်ဒါရ်မြို့၌ အမှိုက်သိမ်းကောက် စွန့်ပစ်ခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် အမှတ်(၂)ရပ်ကွက်၌ လည်းကောင်း၊ အပတ်စဉ် သောကြာနေ့တိုင်းတွင် အမှတ်(၁)ရပ်ကွက်၌ လည်းကောင်း စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်အတွင်းရှိ အမှိုက်များကို စနစ်တကျ စွန့်ပစ်ထားရှိကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့် ဦးဆောင်မှုဖြင့်၊ မြို့စည်ပင် သာယာရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
MDN


